
နိုင်ငံတော်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးခံခဲ့ရတဲ့ သမ္မတဟောင်း ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ကို ကိုလံဘိုမြို့တော်ရှိ သီရိလင်္ကာတရားရုံးက ဩဂုတ် ၂၆ ရက်မှာ အာမခံပေးခဲ့ပါတယ်။
အသက် ၇၆ နှစ်ရှိ ဝစ်ကရာမန်ဆင်းဂ်ဟာ တရားရုံးကြားနာပွဲကို အစိုးရပိုင်ဆေးရုံ Zoom ကတဆင့် ချိတ်ဆက်ပါဝင်ခဲ့ပါတယ်။
သူ့ဆရာဝန်ရဲ့ အကြံပေးချက်အရ သူ့ကျန်းမာရေးကို စောင့်ကြည့်ဖို့အတွက် သီတင်းပတ်ကုန်မှာ ဆေးရုံတင်ခဲ့ရကြောင်း ဝစ်ကရာမန်ဆင်းဂ်ရဲ့ ညီညွတ်သောအမျိုးသားပါတီ (UNP) က ပြောပါတယ်။
ရှေ့နေ ဆူရန်ဂါ ပေရေရာက “အများပိုင်ပစ္စည်းအက်ဥပဒေအရ အာမခံငွေကို အထူးအခြေအနေအရ ပေးဆောင်ရပါတယ်။ အမျိုးသားဆေးရုံကြီးမှ အထူးကုဆရာဝန် ၄ ဦးရဲ့ ဆေးစစ်ချက်မှတ်တမ်းကို အထူးအခြေအနေအဖြစ် တရားရုံးသို့ တင်ပြခဲ့ပါတယ်” လို့ ပြောပါတယ်။
ကြားနာမှုမတိုင်ခင် ကိုလံဘိုမြို့လယ်ရှိ တရားရုံးအပြင်ဘက်မှာ အတိုက်အခံ နိုင်ငံရေးသမားတွေ အပါအဝင် ထောက်ခံသူ ရာပေါင်းများစွာလည်း စုရုံးခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က လူစုလူဝေးကို စစ်ဆေးဖို့အတွက် အဝါရောင် အတားအဆီးတွေ ချထားပြီးတော့ အဆောက်အအုံကို ပိတ်ဆို့ထားပါတယ်။
ဒါက တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်မှုရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်လို့ UNP ပါတီမှ လက်ထောက်အတွင်းရေးမှူး အကီလာ ဗီရာ့ချ်ကရီယာဝါဆမ်က တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ဒီမိုကရေစီနဲ့ တရားမျှတတဲ့ လုပ်ငန်းစဉ်ကို ထောက်ခံပြီး ထွက်လာတာပါ။ အစိုးရအနေနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ ဆက်လုပ်သင့်ပါတယ်။ အဲဒါကို ကန့်ကွက်စရာ မရှိပါဘူး။”
သမ္မတဟောင်း ဝစ်ကရာမန်ဆင်းဂ်မှာ အပြစ်မရှိကြောင်းနဲ့ သူ့ကို အရေးယူခြင်းဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ကြောင်း သူ့ရဲ့ UNP ပါတီက ပြောကြားခဲ့ပြီး လက်ရှိ သီရိလင်္ကာသမ္မတ အနုရာ ကုမာရ ဒစ်ဆန်နာယာကဲ ဦးဆောင်တဲ့ အာဏာရပါတီကတော့ ဒါကို ငြင်းဆိုထားပါတယ်။
ဒီအမှုဟာ ၂၀၂၃ ခုနှစ်က ဝစ်ကရာမန်ဆင်းဂ်ရဲ့ ဇနီးဖြစ်သူ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ရရှိမှု အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဘွဲ့ယူအထူးနေ့လယ်စာစားပွဲ တက်ရောက်ဖို့ ဗြိတိန်ကို သွားရောက်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံထားတာပါ။
ရှေ့နေတယောက်လည်းဖြစ်တဲ့ ဝစ်ကရာမန်ဆင်းဂ်ဟာ သီရိလင်္ကာနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၆ ကြိမ် စံချိန်တင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျွန်းနိုင်ငံရဲ့ ဘဏ္ဍာရေးအကျပ်အတည်း အဆိုးရွားဆုံးကြုံရချိန် ၂၀၂၂ ခုနှစ်မှာ သမ္မတ ဖြစ်လာခဲ့ကာ ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ အာဏာဆုံးရှုံးခဲ့ပါတယ်။
Source: Reuters











