
ပေါ့ပ်စတား တေလာဆွစ်နဲ့ NFL ဘောလုံးသမား ထရာဗစ်ကဲတို့ဟာ လက်ထပ်ဖို့ စေ့စပ်လိုက်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာ ဩဂုတ် ၂၆ ရက်က ဖော်ပြခဲ့ပါတယ်။
သူတို့ ၂ ယောက်စလုံးဟာ အင်စတာဂရမ်မှာ Joint post တင်ခဲ့တာဖြစ်ပြီး “မင်းတို့ရဲ့ အင်္ဂလိပ်ဆရာမနဲ့ မင်းတို့ gym ဆရာတို့ လက်ထပ်တော့မယ်” ဆိုတဲ့ စာသားနဲ့အတူ ပန်းခြံထဲမှာ တေလာဆွစ်ကို လက်ထပ်ခွင့်တောင်းတဲ့ပုံကို ဖော်ပြခဲ့တာပါ။
အဲဒီပုံရဲ့ နောက်ခံတီးလုံးကိုလည်း တေလာဆွစ်ရဲ့ So High School သီချင်းနဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီစေ့စပ်မှုကို ဆိုရှယ်မီဒီယာမှာ ချက်ချင်းလူသိများခဲ့ပြီး မိနစ် ၂၀ အတွင်း Like ၁ ဒသမ ၈ သန်း ရရှိခဲ့ကာ NFL ကလည်း ဂုဏ်ယူကြောင်း ဖော်ပြခဲ့ပါတယ်။
ဆွစ်နဲ့ ကဲတို့ ၂ ယောက်စလုံးဟာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ စတင်ချိန်းတွေ့ခဲ့ကာ အခုအချိန်မှာ လက်တွဲဖို့အထိ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တေလာဆွစ်နဲ့ ကဲတို့ဟာ စေ့စပ်ကြောင်း ကြေညာခဲ့ပေမဲ့ လက်ထပ်မယ့်ရက်ကိုတော့ ကြေညာတာမျိုး မရှိသေးပါဘူး။
တေလာဆွစ်တို့ စေ့စပ်ကြောင်းလမ်းတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူတို့ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေဆိုပြီး ဆုမွန်ကောင်းတောင်းတဲ့အကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
တေလာဆွစ်သတင်းနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ထရမ့်ပ်က အိမ်ဖြူတော် ဝန်ကြီးအစည်းအဝေးပွဲမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











