DVB Logo
Home
မြန်မာသတင်း
ယခုနှစ်အတွင်း တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်ဟု အန်စီစီတီ ခေါင်းဆောင် ပြော
DVB
·
November 27, 2014
ယခုနှစ်အတွင်း တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်ဟု အန်စီစီတီ ခေါင်းဆောင် ပြော
Donate to DVB

ဒီနှစ်ထဲ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့နဲ့ အန်စီစီတီတို့ ဆွေးနွေးပွဲအပြီး ဒီဗွီဘီက မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာပါ။

10730982_10152920253783594_363164964646853345_n“ဒါကတော့ မပြောနိုင်ဘူး။ ဖြစ်ဖို့ မလွယ်ဘူး။ အခု လိုင်ဇာပစ်ခတ်မှုကြောင့် အပစ်ရပ် ဆွေးနွေးပွဲတွေကို အများကြီး တစ်ဆို့သွားနိုင်တယ်။ ယုံကြည်မှု အများကြီး လျော့ကျသွားတယ်။ အခုလည်း အဲ့ဒီကိစ္စကို ပြန်ကုစားနေရတဲ့ သဘောမျိုး၊ ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေး ပျက်မသွားဖို့လည်း ဒါကို အများကြီး ကုစားနေရတယ်။”

ဒီနေ့ တွေ့ဆုံပွဲမှာ ရလဒ်တစုံတရာ ရရှိဖို့ ဆွေးနွေးခဲ့ကြတာ မဟုတ်ဘဲ မြန်မာငြိမ်းချမ်းရေး စင်တာဘက်က တင်ပြလာတဲ့အချက်တွေကို ယူဆောင်ပြီး အန်စီစီတီအဖွဲ့အတွင်း ဆက်လက် ဆွေးနွေးကြမယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ် မတိုင်မီ နှစ်ဘက် တွေ့ဆုံကြဖို့ ရှိတယ်လို့ ပြောပါတယ်။

“အန်စီစီတီအဖွဲ့ စည်းဝေးပွဲအပြီး နိုဝင်ဘာ ၂၇ ရက်မှာ ကျနော်တို့အလုပ်အဖွဲ့နဲ့ သူတို့နဲ့ ဆွေးနွေးပြီးတော့ ဒီက ဆွေးနွေးချက်တွေကို ၀န်ကြီး ဦးအောင်မင်းတို့၊ ယူပီဒဗလျူစီ (ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ) ကို ပြန်တင်ပြပြီးရင် နှစ်ဘက် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်လောက် တွေ့ကြဖို့ အဆိုပြုခဲ့တာပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အန်စီစီတီ အစည်းအဝေးပွဲက သတ်မှတ်တဲ့ရက်မှာ မလုပ်နိုင်ဘဲ ရွှေ့ရတယ်လို့ ပြောပါတယ်။ ဒီလကုန်လောက်မှ စည်းဝေးနိုင်ကြမယ်လို့ ပြောပါတယ်။ အခုတော့ ကျနော်တို့ နှစ်ဘက်ဆွေးနွေးမှုတွေကို လာမယ့် ခရစ္စမတ်မတိုင်မီ ဆွေးနွေးဖို့ကိုတော့ အန်စီစီတီ ဘက်က မူအားဖြင့် သဘောတူပါတယ်။”

မြန်မာငြိမ်းချမ်းရေးစင်တာ အလုပ်အဖွဲ့နဲ့ အန်စီစီတီတို့ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုမှာ လိုင်ဇာပစ်ခတ်မှုနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးခဲ့ကြပြီး အမ်ပီစီဘက်က ဘာမှ အဖြေမပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

နောက်တကြိမ် တွေ့ဆုံဖို့ကတော့ အန်စီစီတီအပေါ် မူတည်ပြီး သူတို့ တွေ့ချင်လည်း တွေ့မယ်။ မတွေ့ချင်လည်း မတွေ့ဘူးလို့ အဖွဲ့ခေါင်းဆောင်နိုင်ဟံသာက မီဒီယာကို ပြောခဲ့ပါတယ်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အန်စီစီတီတို့ နိုဝင်ဘာလအတွင်း တွေ့ဆုံဖို့ စီစဉ်ထားတာ ပျက်သွားခဲ့ပြီ ဖြစ်ပြီး လတ်တလောမှာတော့ ဒီဇင်ဘာလ ခရစ္စမတ်မတိုင်မီ တွေ့ဖို့ မူအားဖြင့် သဘောတူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013