
တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေကြောင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေကို ဘယ်လိုအကူအညီမှ ပေးတော့မှာမဟုတ်ဘူးလို့ ထုတ်ပြောလာပါတယ်။
မြန်မာစစ်တပ်ကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် စစ်ပွဲတွေရဲ့နောက်ကွယ်မှာ ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံက ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို ဖိအားပေးမှုတွေ ပြုလုပ်လာပါတယ်။
ဒါကြောင့် ‘ဝ’ တပ်ဖွဲ့ UWSA ဒုဥက္ကဋ္ဌနဲ့ အဖွဲ့က ဩဂုတ် ၂၀ ရက်မှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကို ပန်ဆန်းမြို့အထိ ဖိတ်ခေါ်ပြီး နောက်နောင် ဘယ်လို စစ်ရေး၊ စီးပွားရေး အကူအညီမှ ပေးတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
တရုတ်နိုင်ငံက ‘ဝ’ တပ်ဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေ ပိုင်ဆိုင်တဲ့ ယွမ်ငွေ ဘီလီယံနဲ့ချီ ပိုင်ဆိုင်မှုတွေကို ခြွင်းချက်မရှိ သိမ်းဆည်းခဲ့တာဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၄၀ အတွင်း အကြီးဆုံး ရပ်တည်ရေး အကျပ်အတည်း ဖြစ်တယ်လို့ UWSA ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကျောက်ကော်အန်းက ပြောပါတယ်။
တရုတ်အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက “သူတို့ ဒီလိုပြောတာက တရုတ်ပြည်ကိုလည်း ဖိအားပေးတာလို့ ထင်တယ်။ အဲဒါတချက်၊ ဒုတိယအချက်က ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်း နည်းနည်းလေ့လာကြည့်တယ်။ ကျမလည်း သူတို့တွေနဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ ဘာတွေမှာ ကြားရသလောက်တော့ သူတို့ကလည်း အစောကြီးတည်းက ပြင်ဆင်ထားတာဗျ။ MNDAA က လားရှိုးကို ပြန်ပေးရကတည်းက တနေ့ ‘ဝ’ တို့ TNLA တို့လည်း ဒီလိုပဲဖြစ်လာလိမ့်မယ်လို့ သူတို့တွက်ပြီးသား၊ ဒါကြောင့်မို့လို့ ကျမကြည့်တယ်။ ကျမတို့ နွေဦးတော်လှန်ရေးကိုတော့ သိပ်ထိခိုက်စရာအကြောင်း မရှိဘူးလို့ထင်တယ်” လို့ ပြောပါတယ်။
‘ဝ’ တပ်ဖွဲ့က အခုလိုထုတ်ပြောပေမဲ့ အောက်ခြေမှာ ဆက်ဆံရေးတွေ ဆက်ရှိနေတဲ့အကြောင်း သူက ခန့်မှန်းပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ လျော့ကျပြီး မြို့တချို့ကို ပြန်ပေးတာမျိုးအထိ ရှိလာနိုင်ပေမဲ့ တော်လှန်ရေးတပ်တွေဟာ မြို့ရရေးထက် စစ်အင်အားကို အဓိကထား ချေမှုန်း တိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။
တဖက်မှာတော့ မတူညီတဲ့ အမြင်တွေရှိနေပါတယ်။ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွေဟာ နိုင်ငံတဝန်း တိုက်ပွဲတွေ ကျယ်ပြန့်အားကောင်းနေတဲ့ အချိန်ဖြစ်တဲ့အတွက် စစ်ရေးအကူညီလမ်းကြောင်း ပိတ်ဆို့တာဟာ မြောက်ပိုင်အင်အားစုတင်မကဘဲ မြေပြန့်တော်လှန်ရေးအင်အားစုတွေအထိ ထိခိုက်မှုကြီးနိုင်တယ်လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
သူဟာ CDM ဗိုလ်မှူးတယောက်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ “မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့” MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “အဓမ္မခေါ်ထားတဲ့ စုဆောင်းထားတဲ့ လူအင်အားတွေနဲ့ပဲ အခြေတည်ထားရတာဖြစ်တယ်။ စိတ်ဓာတ်ခံယူချက် အဲလောက်ကြီး မဟုတ်တဲ့အခါမှာ တော်လှန်ရေးအင်အားစုတွေကို သူတို့ အဆုံးသတ် အလဲထိုးနိုင်တဲ့ အရည်အချင်းမရှိသလို၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အခက်အခဲ အကျပ်အတည်းတွေ ကြုံလာတဲ့အခါမှာ စစ်ကောင်စီကို အလဲထိုးနိုင်ဖို့ဆိုတာဟာ ပိုပြီးတော့ ဝေးကွာခက်ခဲသွားစေနိုင်တဲ့ အနေအထားကို ရောက်သွားနိုင်မယ်လို့ထင်ပါတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က စုစည်းညီညွတ်မှု၊ နိုင်ငံရေးဘုံရပ်တည်ချက်တွေ မတည်ဆောက်နိုင်တဲ့အတွက် ဒီအခြေအနေကို ဆိုက်ရောက်လာတာလို့ သူကပြောပါတယ်။
ဒီအချက်တွေကြောင့် လက်ရှိ လက်နက်ကိုင်တော်လှန်ရေးသာ အားပျော့သွားတဲ့ အခြေအနေကို ရောက်လာခဲ့မယ်ဆိုရင် ပြည်သူတွေမျှော်မှန်းထားတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးဟာ နှစ်ဖက်စလုံးမှာ ဇာတ်မျောအဖြစ် ဆိုက်ရောက်လာနိုင်တယ်လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ NUG အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတချို့ဆီ DVB က ဆက်သွယ်ပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။
စိုးသူအောင်











