DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းရေး ဥပဒေ​အပေါ် ဝေဖန်မှုမြင့်တက်
DVB
·
August 25, 2025
ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းရေး ဥပဒေ​အပေါ် ဝေဖန်မှုမြင့်တက်
Donate to DVB

ကမ္ဘောဒီးယား ပါလီမန်အမတ်တွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းကြံစည်သူတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းနိုင်မယ့် ဥပဒေကြမ်းတရပ်ကို ဩဂုတ် ၂၅ ရက်က အတည်ပြုလိုက်ပါတယ်။

လက်ရှိဝန်ကြီးချုပ် ဟွန်မာနတ် အပါအဝင် လွှတ်တော်အစည်းအဝေး တက်ရောက်လာတဲ့ အမတ်ဦးရေ ၁၂၀ စလုံးက ဥပဒေကြမ်းကို ကန့်ကွက်သူမရှိဘဲ ထောက်ခံမဲပေးခဲ့တာပါ။

အခုလိုမျိုး ဥပဒေပြင်ဆင်ချက်ကို အတည်ပြုနိုင်ခဲ့ပြီးနောက်​ တရားရေးဝန်ကြီး ကောက်တ်ရစ်က “နိုင်ငံအပေါ် သစ္စာဖောက်ရင် နိုင်ငံတော်အနေနဲ့လည်း ဆက်ထားမှာမဟုတ်ဘူး” လို့ မှတ်ချက်ပြုပါတယ်။

အဲဒီဥပဒေအတိုင်း အသက်ဝင်ဖို့ဆိုရင် ကမ္ဘောဒီးယား အထက်လွှတ်တော်မှာရော၊ နိုင်ငံ့ခေါင်းဆောင်ကပါ ခွင့်ပြုပေးရဦးမှာ ဖြစ်ပေမဲ့ ဒါကို အလိုအလျောက် အတည်ပြုနိုင်မယ့် အဆင့်တွေအဖြစ် သတ်မှတ်ထားပါတယ်။

တဖက်မှာ ကမ္ဘောဒီးယားအစိုးရဟာ တင်းကျပ်တဲ့ ဥပဒေတွေသုံးပြီး တရားဝင်နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ အတိုက်အခံတွေကို ဖိနှိပ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တွေက စွပ်စွဲထားပါတယ်။

အဲဒီဥပဒေကတဆင့် အစိုးရဆန့်ကျင်သူတွေကို နယ်နှင်ဒဏ်ပေးဖို့အတွက် အသုံးပြုလာနိုင်တယ် ဆိုပြီး စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးအဖွဲ့ပေါင်း ၅၀ ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဥပဒေရေးသားချက်က မရှင်းလင်းတဲ့အပြင် ကမ္ဘောဒီးယားနိုင်ငံသား အားလုံးရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကိုပါ ကပ်ဘေးအဆင့် သက်ရောက်မှု ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် အစိုးရမှာ လုပ်ပိုင်ခွင့်များစွာ ရှိပေမဲ့ ဘယ်သူက ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး ဆိုတာကို စိတ်တိုင်းကျ ဆုံးဖြတ်နိုင်တဲ့ အာဏာတော့ မရှိသင့်ပါဘူးလို့လည်း ဖြည့်စွက် ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကတော့ ဒါကို နိုင်ငံတကာဥပဒေအပေါ် ဆိုးဆိုးရွားရွား ချိုးဖောက်တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြီးခဲ့တဲ့လမှာ ဝေဖန်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘောဒီးယား အာဏာပိုင်တွေရဲ့ တရားစွဲဆိုမှုကြောင့် အတိုက်အခံ တက်ကြွလှုပ်ရှားသူ အများအပြား ထောင်ကျတာ ဒါမှမဟုတ် အမှုရင်ဆိုင်နေရတာတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းက အတိုက်အခံခေါင်းဆောင် ကမ်ဆုတ်ခါကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ခဲ့ပေမဲ့ ကာယကံရှင်အနေနဲ့ အကြိမ်ကြိမ် ငြင်းဆိုခဲ့တဲ့အလျောက် နေအိမ်အကျယ်ချုပ်နဲ့သာ ထိန်းသိမ်းထားပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၅ နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်လည်း နိုင်ငံတော် သစ္စာဖောက်မှု ဒါမှမဟုတ် သစ္စာမဲ့မှုကြောင့် နိုင်ငံသားဖြစ်ခွင့်ကို အာဏာပိုင်တွေက ရုပ်သိမ်းခွင့်ရှိကြောင်း သိရပါတယ်။

အဲဒီထဲက ၈ နိုင်ငံမှာတော့ နိုင်ငံသားဖြစ်ခွင့် လျှောက်ပြီး ရထားတဲ့သူတွေကိုသာ အဓိက ပစ်မှတ်ထား​လေ့ ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013