DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ခမည်းခမက် အမေရိကန်သံအမတ်ကြီးကို ပြင်သစ်အစိုးရ ဆင့်ခေါ်သတိပေး
DVB
·
August 25, 2025
ထရမ့်ပ် ခမည်းခမက် အမေရိကန်သံအမတ်ကြီးကို ပြင်သစ်အစိုးရ ဆင့်ခေါ်သတိပေး
Donate to DVB

ပြင်သစ်အစိုးရဟာ ဂျူးမုန်းတီးရေးဝါဒကို ထိထိရောက်ရောက် ကိုင်တွယ်အရေးယူဖို့ ပျက်ကွက်နေတယ်လို့ စာတစောင် ထုတ်ပြန်ခဲ့တဲ့ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး   ချားစ်ကုရှ်နာကို  ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် သတိပေးခဲ့ပါတယ်။

ကုရှ်နာရဲ့စာမှာ ပါဝင်တဲ့ စွပ်စွဲချက်တွေဟာ လက်မခံနိုင်စရာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ပယ်ချကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ မလျော်ညီတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက် နောက်ပိုင်း ပြင်သစ်မှာ ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်လာတာဟာ ပကတိအရှိတရားဖြစ်ပေမဲ့ ဒီလုပ်ရပ်တွေကို လုံးဝ သည်းညည်းမခံဘဲ ပြင်သစ်အာဏာပိုင်တွေက ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ဝန်ကြီးဌာနက ချေပပါတယ်။

ကုရှ်နာကို ပါရီမြို့က ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ်ကို ဆင့်ခေါ် သတိပေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သံအမတ်ကြီးရဲ့ မှတ်ချက်အတိုင်း ရပ်တည်တယ်လို့ တုံ့ပြန်ပါတယ်။

ကုရှ်နာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ခမည်းခမက် တော်စပ်သူဖြစ်ပြီး သားဖြစ်သူ ဂျရက်ကုရှ်နာနဲ့ ထရမ့်ပ်ရဲ့သမီး အီဗန်ကာထရမ့်ပ်တို့ လက်ထပ်ထားပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ကုရှ်နာဟာ အခွန်ရှောင်မှု၊ တရားမဝင် မဲဆွယ်ရန်ပုံငွေထည့်မှု၊ သက်သေ မသမာလုပ်မှုတွေကြောင့် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရဖူးပြီး ၁၄ လတာ ထောင်ထဲမှာ နေခဲ့ရသူ ဖြစ်ပါတယ်။

သက်သေမသမာမှု ဆိုတဲ့နေရာမှာ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ယောက်ဖဖြစ်သူကို ထောင်ဖမ်းတဲ့အမှုလည်း ပါဝင်ပါတယ်။

ယောက်ဖဖြစ်သူကို သွေးဆောင်ဖျားယောင်းဖို့ ပြည့်တန်ဆာငှားပြီး ဗီဒီယိုခိုးရိုက်ကာ ညီမထံ ဗီဒီယိုင်ဖိုင် ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ကျခံထားရသူဖြစ်တာကြောင့် ရှေ့နေလိုက်ခွင့်ပါ အပိတ်ခံထားရေပေမဲ့ ထရမ့်ပ် သမ္မတ ပထမသက်တမ်း ကုန်ခါနီးမှာ ကုရှ်နာအပေါ် ပြစ်ဒဏ်အားလုံးကနေ အလုံးစုံ ခြွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သူဖြစ်ပါတယ်။

သမ္မတ ထရမ့်ပ် ဒုတိယသက်တမ်း ပြန်တက်လာချိန်မှာတော့ ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013