DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ပြည်သူများ၏ အချက်အလက် လုံခြုံမှုရှိစေရန် ပြင်ဆင်
DVB
·
August 25, 2025
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ပြည်သူများ၏ အချက်အလက် လုံခြုံမှုရှိစေရန် ပြင်ဆင်
Donate to DVB

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံအားပေးရေးမှာ ပါဝင်တဲ့ ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ပိုပြီးလုံခြုံမှုရှိအောင် ကမ်ပိန်းဦးဆောင်သူတွေက ကြိုးစားဆောင်ရွက်နေပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရာထူးတာဝန်ကို ဆက်ထိန်းထားနိုင်ရေး အမေရိကန်ပြည်ထောင်စု၊ ပြည်နယ် ၅၀ ရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အစည်းအဝေးကို ဒေသစံတော်ချိန် ဩဂုတ် ၂၃ ရက်က အွန်လိုင်းကနေတဆင့် ဆက်လက်ခေါ်ယူခဲ့တာပါ။

အစည်းအဝေးမှာ ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ပြည်သူတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီက ဖျက်ဆီးရယူဖို့ကြိုးစားတာကိုတုံ့ပြန်ဖို့၊ စက်တင်ဘာတလလုံးမှာ ထောက်ခံဆန္ဒပြပွဲတွေ စနစ်တကျပြုလုပ်နိုင်ဖို့၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုမှာ နေထိုင်တဲ့ မခင်သီရိနန္ဒာစိုးက “လက်မှတ်တွေဝိုင်းပြီးတော့ ထိုးကြတယ်ပေါ့နော်၊ သံအမတ်ကြီးကို ထောက်ခံတဲ့အတွက်ပေါ့လေ၊ ကျမတို့တတွေ အဲဒါတွေကို ဦးဆောင်ဦးရွက် လုပ်တဲ့အခါမှာ အောင်မြင်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ဒါကို ဖျက်ဆီးဖို့ ကြိုးစားတယ်။ ဒေတာတွေကို ပျက်သွားအောင်လုပ်တာ။ ဒါပေမဲ့ ကျမတို့က Google Doc ကို သုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်တော်လေးလုံခြုံမှုရှိတယ်၊ သူတို့အနေနဲ့က ဒါကို ကျော်လွှားပြီးတော့မှ ဖျက်ဆီးလို့ရတဲ့အတိုင်းအတာအထိတော့ သူတို့မလုပ်နိုင်ခဲ့ဘူး၊ မလုပ်နိုင်ခဲ့တော့ ကျမတို့က ပြည်သူလူထုရဲ့အချက်အလက်တွေကိုလည်း လုံလုံခြုံခြုံနဲ့ ဆက်ပြီးတော့ လုပ်သွားနိုင်မယ်ပေါ့နော်၊ အခုဆိုလို့ရှိရင် အားလုံးပေါင်း ၁၅,၀၀၀ ကျော်ရှိပြီပေါ့နော်။ နည်းသေးတယ်၊ ထပ်ပြီးတော့ လုပ်ရဦးမယ်။ အဲဒီလို အခက်အခဲတွေ အများကြီးရှိပါတယ်။ အဲဒီတော့ နောက်ထပ်လည်း ဒါမျိုးတွေ ကြုံလာနိုင်တဲ့အတွက် လာမယ့် အစည်းအဝေးတွေမှာဆိုရင် လုံခြုံရေးပိုင်းတွေ ဒါတွေကိုဆက်လက်ပြီးတော့ ဆွေးနွေးဖို့တွေ ရှိပါတယ်၊ မြေပြင်သပိတ်တွေအတွက်ပေါ့နော်”လို့ ပြောပါတယ်။

နိုင်ငံတကာရောက်မြန်မာတွေ စုစည်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး Global Meeting တွေ ခေါ်ယူနေသလို အမေရိကန်ပြည်နယ် ၅၀ ရောက် မြန်မာ့အရေး ဆောင်ရွက်သူတွေကလည်း Meeting တွေ အဆင့်ဆင့်ခေါ်ယူပြီး ပြင်ဆင်နေကြတာပါ။

သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ အရေးကိစ္စပြီးရင် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်နိုင်ဖို့ Global Meeting တွေဆက်ခေါ်ပြီး ကမ်ပိန်းတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

Learn and Share မှ ဦးကိုကိုလေးက “ကျနော်တို့က နိုင်ငံရေးရော၊ စစ်ရေးရော၊ သံတမန်ရေးရော၊ မိမိကျရာနေရာကနေ တိုက်ပွဲဝင်သွားမယ်ဆိုရင် အောင်မြင်မှုပန်းတိုင်က မဝေးတော့ပါဘူး။ ဒီရွေးကောက်ပွဲဆိုတာ ကိုးရိုးကားရား မဟုတ်တဲ့ရွေးကောက်ပွဲဆိုတာ တကမ္ဘာလုံး သိပါတယ်။ ကျနော်တို့အားလုံးက ညီညီညွတ်ညွတ် ဦးကျော်မိုးထွန်း မိမိနေရာ ပြန်လည်ရရှိရေးကို လုပ်သလို အာဏာရှင်တွေလုပ်မယ့် ရွေးကောက်ပွဲက တရားမဝင်ကြောင်း တရားမျှတမှု မရှိကြောင်း၊ ရှင်းရှင်းလေးပါပဲ၊ ၈၃ ရာခိုင်နှုန်းနိုင်တဲ့ ပါတီကို ပါဝင်ခွင့်မပြုဘူး၊ ခေါင်းဆောင်တွေ ဖမ်းချုပ်ထားပြီးတော့ ကျန်တဲ့လူတွေက ရွေးကောက်ပွဲလုပ်ပြီးတော့ အာဏာခွဲဝေယူကြမယ် ဆိုရင်တော့ တကမ္ဘာလုံး ကသိပါတယ်။ ဒါ တရားမျှတမှုမရှိဘူး၊ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။

စက်တင်ဘာ ၆ ရက်မှာ  အမေရိကန်ပြည်နယ် ၅၀ ရောက်မြန်မာ့အရေးဆောင်ရွက်သူတွေ အစည်းအဝေး ထပ်ခေါ်ဖို့ရှိနေပြီး ဩဂုတ် ၃၀ နဲ့ စက်တင်ဘာ ၁၃ ရက်နေ့တွေမှာ Global Meeting ၂ ကြိမ် ထပ်ခေါ်သွားဖို့ရှိနေပါတယ်။

စက်တင်ဘာလ ၈ ရက်မှာ အကြိမ် ၈၀ မြောက် ကမ္ဘာကုလသမဂ္ဂ အထွေထွေလာခံ စတင်ကျင်းပမှာ ဖြစ်ပြီး စက်တင်ဘာ ၂၀ မှာ နိုင်ငံတကာခေါင်းဆောင်တွေ ညီလာခံမှာ စုစည်းကြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကိုရဖို့အတွက် စက်တင်ဘာ ၂၀ ရက်နေ့ကို ပစ်မှတ်ထားပြီး ကမ်ပိန်းအစီအစဉ်တွေ ဖော်ဆောင်ကြဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက ပြင်ဆင်နေတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013