
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်က တံတားတည်ဆောက်ရေးနေရာမှာ သံမဏိ ကေဘယ်လ်ကြိုး ပြတ်တောက်လို့ သောကြာနေ့ ညနေ ၆ နာရီအထိ လူ ၁၂ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။
အဲဒီမတော်တဆမှုမှာ စီချွမ်-ချင်းဟိုင် မီးရထားလမ်းရဲ့ ချင်းဟိုင် အပိုင်းက တည်ဆောက်ဆဲ တံတားမှာ မနက် ၃ နာရီအချိန်လောက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဲဒီနေရာမှာ အလုပ်သမား ၁၆ ယောက် ရှိတယ်လို့ ရှင်းဟွာသတင်းအေဂျင်စီက ဖော်ပြပါတယ်။
ကြိုးပြတ်ကျလို့ ၁၀၈ မီတာရှိ သံမဏိယက်မ ဝင်ရိုးဘောင် ပြိုကျသွားခဲ့ရပါတယ်။
အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့နဲ့ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အဖွဲ့တဖွဲ့ကို အခင်းဖြစ်နေရာကို ချက်ချင်းစေလွှတ်ခဲ့ပြီး ရေထဲကျသွားသူတွေကို ရှာဖွေဖို့ အာရုံစိုက်နေပါတယ်။
မတော်တဆမှု ဖြစ်ပွားခဲ့ကတည်းက ကယ်ဆယ်ရေးသမား ၈၀၆ ယောက်ကျော်ဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေထဲမှာပါဝင်ခဲ့ပြီး မော်တော်ယာဉ် ၉၁ စင်း၊ လှေ ၂၇ စင်း၊ ရဟတ်ယာဉ်တစင်းနဲ့ စက်ရုပ် ၅ ရုပ်တို့ကို ဖြန့်ကျက်ထားခဲ့ပါတယ်။
ဒါ့အပြင် ဆေးရုံ ၆ ရုံဟာ အမြန်လမ်းကြောင်းတွေကို ဖွင့်လှစ်ထားပြီး ဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီပေးဖို့လုပ်ခဲ့ပါတယ်။
လတ်တလောမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ထိခိုက်ခံစားရတဲ့မိသားစုတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
Source:Reuters











