
ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်း ကာလီမြို့မှာ လူ ၆ ယောက် သေဆုံးပြီး ၇၁ ယောက် ဒဏ်ရာ ရရှိခဲ့တဲ့ ကုန်တင်ကား ဗုံးဖောက်ခွဲမှုကို လုပ်ဆောင်တယ်လို့ သံသယရှိသူ ၂ ယောက်ကို ဖမ်းမိထားကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရို က ပြောကြားပါတယ်။
သမ္မတ ပေထရိုဟာ လုံခြုံရေးကောင်စီမှာ တခြားထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒီတိုက်ခိုက်မှုဟာ အနောက်ဘက်ကောက်ကာဒေသရှိ မီကိုင်းမြို့နယ်က စစ်ဆင်ရေးကို တုံ့ပြန်ခြင်း ဖြစ်ကြောင်း ပြောဆိုပါတယ်။
အဲဒီမစ်ရှင်ကို အစောပိုင်း ၂ ရက်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်က "ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကြီးဆုံး ရာဇ၀တ်လက်နက်တိုက်" ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ပေဒရိုဆန်းချက်ဇ်က သြဂုတ် ၂၂ ရက်နမှာထုတ်ပြန်တဲ့ ဗွီဒီယိုကြေညာချက်ထဲမှာ ပြောထားပါတယ်။
သမ္မတ ပက်ထရိုဟာ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ လူထုကဝိုင်းဖမ်းမိထားတဲ့ သံသယရှိသူ တဦးရဲ့ ဓာတ်ပုံတွေကို ကြာသပတေးနေ့မှာ တင်ခဲ့ပြီး သူ့နာမည်က ဆီဘက်စတီယန် ဖြစ်ကြောင်းနဲ့ FARC အဖွဲ့ခွဲတခုဖြစ်တဲ့ EMC အဖွဲ့ကလူ ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီလူဟာ ပြောက်ကျားစစ်ကြောင်းက ကားလော့စ် ပက်တီနိုကို အစီအစဥ်ရေးဆွဲပြီး အကောင်အထည်ဖော် လုပ်ဆောင်တဲ့ မာတီနက်ဇ် ဆိုသူနဲ့ ချိတ်ဆက်ပေးတာ လို့ ဆိုပါတယ်။
တိုက်ခိုက်သူ ၂ ဦးဟာ ယာဉ်နှစ်စီးကို ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်လာပြီး ကားတစီးမှာ အသက်သွင်းထွက်ပြေးသွားခဲ့ကြောင်းနဲ့ သူတို့ကို အနီးနားပတ်ဝန်းကျင်မှာ နေထိုင်သူတွေ ကိုယ်တိုင် ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သမ္မတ ပက်ထရိုက ပြောပါတယ်။
“ဒီတိုက်ခိုက်မှုဟာ အကြောင်းရင်းများစွာနဲ့ ဆက်စပ်နေပါတယ်။ မီကိုင်းမြို့နယ်မှာ ကားလော့စ် ပက်တီနို ခံခဲ့ရတဲ့ ကြီးကြီးမားမားအထိနာသွားတာ တခုကတော့ စစ်သုံးလက်နက်ခဲယမ်း ၂ သိန်းခွဲကျော်၊ ဖောက်ခွဲရေးပစ္စည်း အပြည့်ရှိထားတဲ့ နေအိမ် ၅ လုံးနဲ့ ရိုင်ဖယ်သေနတ် အစိတ်အပိုင်း ၂၀၀ တို့ကို နိုင်ငံတော်ကနေ သိမ်းဆည်းရမိလိုက်တာဖြစ်ပြီး အဲဒါတွေက အဲဒီသူပုန်အဖွဲ့ရဲ့ စစ်ဆင်ရေးမှာ အဓိကသော့ချက်ပဲ” လို့ ဆိုပါတယ်။
တရက်တည်း သီးခြားဖြစ်ရပ်တခုမှာလည်း အမျိုးသားရဲတပ်ဖွဲ့ရဲ့ Black Hawk UH-60 ရဟတ်ယာဉ်တစီးဟာ အန်တီယိုကီယာ ပြည်နယ်၊ အာမာလ်ဖှီ ခရိုင်မှာ ပစ်ချခံခဲ့ရပြီးတော့ အရာရှိ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှု ၂ ခုပေါင်းမှာ စုစုပေါင်း ၁၈ ယောက် သေဆုံး၊ ၇၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဒီလုပ်ရပ်ကို ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပယ်ချခဲ့တဲ့ FARC ပြောက်ကျားအဖွဲ့ဟောင်းရဲ့ ခွဲထွက်အဖွဲ့တွေ ကျူးလွန်တယ်လို့ အပြစ်တင်ထားပါတယ်။
Source:Reuters











