
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲမှာ Deemoso Local PDF တပ်ရင်း ၂ က ရဲဘော် ၄ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက သြဂုတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Deemoso Local PDF တပ်ရင်း ၂ က အသက် ၂၁ နှစ်အရွယ် တပ်စုမှူး ခွန်းအောင်သက် နဲ့ တပ်စုမှူး စောနီကဲထူး (ခ) ခွားစီ၊ တပ်စိပ်မှူး ခွန်းတီးယာ၊ အသက် ၂၃ နှစ်အရွယ် တပ်သား အောင်လင်းဦးတို့ ဟာ သြဂုတ် ၁၈ ရက်နေ့မှာ ဒေါငံခါးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Deemoso Local PDF တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ ဒီးမော့ဆို ဒေါငံခါးတိုက်ပွဲမှာ ခွေးတွေ(စစ်ကောင်စီတပ်) စစ်ကြောင်းထိုးလာလို့ ခုခံကာကွယ်ရင်း ကျဆုံးသွားရတာပါခင်ဗျာ။ ဒီးမော့ဆိုမှာ တိုက်ပွဲဖြစ်နေတုန်းပါခုထိ” လို့ ပြောပါတယ်။
သစ္စာအဓိဋ္ဌာန် ၄ ချက်ထဲက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါတယ်ဆိုတဲ့ သစ္စာတရားကိုကိုင်စွဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ၄ ယောက်ကို တပ်ရင်းက အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုတယ်လို့ ဆိုပါတယ်။
Deemoso Local PDF တပ်ရင်း ၁ က အသက် ၂၂ နှစ်အရွယ် တပ်စုမှူး ခူးရီကိ ဟာလည်း သြဂုတ် ၁၈ ရက်နေ့ကရှေ့တန်းတိုက်ပွဲမှာ စစ်ကောင်စီကို တော်လှန်ရင်း ကျဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲဖြစ်မြောက်နိုင်ဖို့အတွက် ကရင်နီ၊ ဒီးမော့ဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ကရင်နီပြည်နယ်ထဲက ဖားဆောင်း၊ ဘော်လခဲ၊ ဒီးမော့ဆိုမြို့နယ်ထဲကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေလည်း သေဆုံးနေရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေပါတယ်။











