
နယူးယောက်ပြည်နယ်အနောက်ပိုင်း အဝေးပြေးလမ်းမကြီးပေါ်မှာ လူပေါင်း ၅၀ ကျော်ကို တင်ဆောင်မောင်းနှင်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစီးဟာ ထိန်းမနိုင်သိမ်းမရ လမ်းချော်လူးလိမ့်တိမ်းမှောက်ခဲ့တာကြောင့် ဩဂုတ် ၂၂ ရက်က လူ ၅ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက ပြောပါတယ်။
ဘတ်စ်ကားဟာ နိုင်အာဂရာရေတံခွန်ကနေ နယူးယောက်စီးတီးကို မောင်းနှင်နေတုန်း ဘတ်ဖှလိုမြို့ ရဲ့ အရှေ့ဘက် မိုင် ၃၀ လောက်အကွာ ပမ်းဘရုတ်ခ်မြို့ထဲက ပြည်နယ်ချင်းဆက် လမ်းမကြီး အမှတ် ၉၀ မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
ခရီးသည်အများအပြားဟာ အပျက်အစီးတွေအတွင်း ပိတ်မိနေခဲ့လို့ ဆွဲထုတ်ကယ်ဆယ်ပေးခဲ့ရပြီး ဘတ်စ်ကားက အဝေးပြေးလမ်းမတလျှောက် လိမ့်နေချိန်မှာ တချို့ခရီးသည်တွေဟာ ဘတ်စ်ကားကနေထွက်ကျခဲ့ပြီး နောက်ဆုံးမှ ဘတ်စ်ကားဟာ လမ်းဘေးတလျှောက်ရှိ မြောင်းထဲကျကာ ရပ်သွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး တဦး ပါဝင်တယ်လို့ အာဏာပိုင်တွေက ယူဆထားပြီး ခရီးသည်တွေ ဟာ တရုတ်၊ အိန္ဒိယနဲ့ ဖိလစ်ပိုင်လူမျိုးတွေအပါအဝင် အာရှနွယ်ဖွားတွေ အများစုဖြစ်ပြီး အရှေ့အလယ်ပိုင်းကလူတွေနဲ့ အမေရိကန်တွေပါတယ်လို့ နယူးယောက်ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် အို ကားလဟန်က သတင်းထောက်တွေကို ပြောပါတယ်။
ဘတ်စ်ကားကို အရှိန်အပြည့်တင် မောင်းနှင်နေတုန်း ထိန်းချုပ်မရဖြစ်သွားခဲ့တာကြောင့် ဘတ်စ်ကားဟာ လမ်းကြောနှစ်ခုကြားက အလယ်ပိုင်းနေရာထဲကို ရောက်သွားကာ ကျွမ်းထိုး မှောက်ခုံ ဖြစ်သွားခဲ့ရကြောင်း ယာဉ်မတော်တဆမှုကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းက ပြောပါတယ်။
တခြားယာဉ်တွေထိခိုက်တိုက်မိတာတော့မရှိဘဲ ယာဉ်မောင်းဟာ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source;Reuters











