DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်ကို စစ်တပ်ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး
DVB
·
August 23, 2025
ပေါက်မြို့နယ်ကို စစ်တပ်ဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး
1 / 5
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆယ်ဝရွာကို  စစ်တပ်က ဩဂုတ် ၂၂ ရက်မှာ လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆယ်ဝရွာဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ယာဉ်တန်းနဲ့ စစ်ကြောင်းလာတာကြောင့် ရွာထဲမှာမနေကြဘဲ ၂ လကျော်ကြာစစ်ရှောင်နေခဲ့ကြပြီး အဲဒီယာဉ်တန်း ကပစ ၂၄ ကို ဝင်ရောက်သွားတာကြောင့် ကျေးရွာအတွင်းပြန်လည်ဝင်ရောက်နေထိုင်တဲ့အချိန် မန္တလေး တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဆယ်ဝရွာသားတယောက်က “စစ်ကောင်စီကားတန်းလာလို့  ကျနော်တို့ရွာထဲကနေ ရှောင်နေကြတာပါ။ အခု စစ်ကြောင်းကျော်သွားလို့ ကျနော်တို့ရွာထဲပြန်ဝင်နေကာစရှိသေးတယ်၊ ဘာတိုက်ပွဲမှမရှိဘဲ ဗုံးသီး ‌ ‌၄လုံးကြဲချသွားတာ။ ကြဲချချချင်း ကိုမင်းအောင် အသက် ၄၀ ကျော်၊ ဖြိူးရတီငြိမ်း အသက် ၅ နှစ်ကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ရတယ်ဗျ။ ဒဏ်ရာရသူကလည်း ၁၀ ဦးကျော်မယ်ဗျ။ ဆေးရုံရောက်မှ ထပ်သေသေးလားဆိုတာကတော့ အတိအကျမသိရသေးဘူး” လို့ ပြောပါတယ်။

ဆယ်ဝရွာကို ဩဂုတ် ၄ ရက်‌နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ယာဉ်တန်းနဲ့ စစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကိုလရောင်က “‌‌စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ယာဉ်တန်းနဲ့ စစ်ကြောင်းက ပေါက်မြို့နယ်ထဲဝင်ကတည်းက  ကျေးရွာ ၁၀ ကျော်က ပြည်သူ ၂၀,၀၀၀ နီးပါး စစ်ရှောင်နေကြရသလို နေ့တိုင်းလိုလို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာဗျ။ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း ကျနော်တို့ပေါက်မြို့နယ်အရှေ့ခြမ်းက ‌‌  နေရာတနေရာကို Y12 နဲ့ ဗုံသီးအလုံး ၂၀ ကျော်ကြဲချတိုက်ခိုက်သွားသေးတယ်ဗျ။ အဲနေရာမှာတော့ လူထိခိုက် သေဆုံးတာ မရှိခဲ့ဘူး။ ဒီစစ်‌ကြောင်းယာဉ်တန်းနဲ့ စစ်ကြောင်းမပြန်မချင်း ပေါက်မြို့နယ်ကတော့  လေယာဉ်ကြဲချ တိုက်ခိုက်‌နေဦးမယ်ထင်တယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ သတိရှိရှိနဲ့ နေထိုင်ကြဖို့ကိုပဲ ပြောပါရစေ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းနဲ့ စစ်ကြောင်းဟာ ပေါက်မြို့အတွင်းမှာရှိတဲ့ ကပစ ၂၄ စခန်းမှာ စခန်းချနေပြီး ဩဂုတ် ၂၂ ရက်နေ့မှာ ပေါက်မြို့ပေါ်ကို ရိက္ခာတွေသွားရောက်ချပေးခဲ့ပါတယ်။

အဲဒီနောက် ပေါက်မြို့ပေါ်က Non-‌CDM ဝန်ထမ်းတွေနဲ့ မိသားစုတွေအပါအဝင် စစ်တပ်ထောက်ခံသူ ၁၅၀ နီးပါးကို ခေါ်ဆောင်ပြီး ကပစ ၂၄ ကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013