
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားနိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ သူ့နိုင်ငံက စစ်သည်တွေကို ဂုဏ်ပြုအောက်မေ့တဲ့ အခမ်းအနားတွေကို ဆက်တိုက်ကျင်းပပေးခဲ့ ပါတယ်။
မြောက်ကိုရီးယားစစ်တပ်ရဲ့ ပြည်ပစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေကို နေရာချကာ ဦးညွှတ် အလေးပြုတာ၊ ကျဆုံးစစ်သည်တွေရဲ့ ဓာတ်ပုံတွေ စီတန်းထားတဲ့နံရံမှာ ပန်းတွေချပေးတာကို လုပ်ပြတဲ့ ကင်မ်ဂျုံအန်းရဲ့ လှုပ်ရှားမှုဗီဒီယိုတွေကို နိုင်ငံပိုင်ရုပ်သံ KRT က သြဂုတ် ၂၂ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ကျဆုံးသွားတဲ့ စစ်သည်တွေရဲ့ မိသားစုတွေကို နှစ်သိမ့်ပေးကာ သားသမီးတွေကို ပွေ့ဖက်အားပေးနေတာကိုလည်း တွေ့ခဲ့ရပြီး သူ့မျက်လုံးတွေမှာ မျက်ရည်စတွေ ပေါ်လွင်နေပါတယ်။
နိုင်ငံပိုင်မီဒီယာမှာ ထုတ်လွှင့်သွားတဲ့ မှတ်ချက်စကားတွေထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင်က ပြည်ပစစ်ဆင်ရေးတွေကို အောင်ပွဲခံ နိဂုံးချုပ်ကြောင်း ရည်ညွှန်းပြောကြားသွားပေမဲ့ အဲဒါဟာ တိုက်ပွဲကနေ နုတ်ထွက်ပြီလို့ ပြောသလား ဆိုတာ မရှင်းလင်းပါဘူး။
တပ်ဖွဲ့ဝင်တွေအတွက် ပြင်ပဈာပနအခမ်းအနားကို သြဂုတ် ၁ ရက်က ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်သွားပေမဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခြင်း အခမ်းအနားနဲ့ ဖျော်ဖြေပွဲကို ဘယ်အချိန်မှာ ကျင်းပခဲ့တယ် ဆိုတာကိုတော့ မဖော်ပြထားပါဘူး။
ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားတဲ့ ညပိုင်းဈာပနအခမ်းအနားကို တက်ရောက်လာတာကိုလည်း မြင်တွေ့ရပါတယ်။
ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၅,၀၀၀ စေလွှတ်အားဖြည့်ပေးခဲ့တာမှာ ၆၀၀ လောက် ကျဆုံးခဲ့တယ်လို့ ဧပြီလမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။
Source:Reuters










