DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ငွေကျပ် သန်းပေါင်း ၂ သိန်းခွဲကျော်တန်ဖိုးရှိ  မူးယစ်ဆေးများဖမ်းမိ 
DVB
·
August 23, 2025
ရန်ကုန်တိုင်းတွင် ငွေကျပ် သန်းပေါင်း ၂ သိန်းခွဲကျော်တန်ဖိုးရှိ  မူးယစ်ဆေးများဖမ်းမိ 
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်ကနေ ရခိုင်ပြည်နယ်နဲ့ မလေးရှားရေပိုင်နက်ကိုပို့မယ့် ငွေကျပ် သန်းပေါင်း ၂ သိန်းခွဲကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိတယ်လို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၅ ရက် မနက်ပိုင်းက ပူးပေါင်းအဖွဲ့ဟာ ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမကြီးနဲ့ ငါးကန်လမ်းထောင့်မှာ အောင်လင်း မောင်းနှင်လာတဲ့ Canter Box ကားနဲ့ သောင်းထွန်း မောင်းနှင်လာတဲ့ Subaru Stella ကားကို သတင်းအရ စစ်ဆေးရာမှာ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀ ကိုဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဆေးပြားတွေ တာဝန်ခံသယ်ဆောင်သူ ထွန်းသိန်းကို ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ ရပ်ကွက်က ဂိုထောင်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ Toyota Rush ကားနဲ့အတူ အဲဒီနေ့ ည ၇ နာရီခွဲအချိန်မှာ ဆက်ဖမ်းမိတာကြောင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း (ဒေသတန်ဖိုးငွေကျပ်သန်း ၂၁,၈၀၀) ကို ဖမ်းဆီးမိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဆေးပြားသယ်ရာမှာ ပူးပေါင်းပါဝင်တဲ့ မောင်သိန်းချေနဲ့ ကျော်စွာဝင်း(မှော်ဘီ)တို့ကို မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာက အိမ်မှာ ဆေးပြားတွေသယ်ရာမှာ သုံးခဲ့တဲ့ ကား ၂ စီးနဲ့အတူ ဩဂုတ် ၅ ရက်နေ့ညမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာတော့ စိတ်ပြောင်းဆေးဝါးတွေကို မလေးရှား ရေပိုင်နက်နဲ့ ရခိုင်ပြည်နယ်ကို တာဝန်ခံသယ်ဆောင်ပေးသူ ကျော်စွာဝင်း(ကွမ်းခြံကုန်း)နဲ့ ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်း တို့ကို ထားဝယ်မြို့မှာ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ ညီညီစိုးခန့်ကို ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ကျေးရွာအုပ်စု၊ အောင်ဇေယျကျေးရွာကအိမ်မှာ ဩဂုတ် ၁၁ ရက်မနက်အစောပိုင်းက ဖမ်းမိပြီး သူ့ရဲ့ ဖော်ထုတ်ချက်အရ အောင်ဇေယျကျေးရွာက ပုဇွန်ကန်နားမှာ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ဝှက်ထားတဲ့ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,၈၉၉ ကီလို (ဒေသတန်ဖိုးငွေကျပ် သန်း ၉၄,၉၅၀)ကို ထပ်သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မလေးရှားရေပိုင်နက်ကို အိုက်စ် တွေပို့ဖို့ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ဝယ်ထားပြီး မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ နန်းသူဇာတံတားနားမှာ ကျောက်ချထားတဲ့ ‘အောင်စိုးလင်း’ စက်လှေကို ထိန်းသိမ်းထားသူ ကျော်စိုးခိုင်နဲ့အတူ ဩဂုတ် ၁၃ ရက်မှာ ဖမ်းဆီးရမိခဲ့သလို နောက်ထပ် စက်လှေ ၂ စီးနဲ့ ငါးဖမ်းစက်လှေ ၁ စီးကို ဒေးဒရဲမြို့က လွန်းကျင်းမှာ သိမ်းဆည်းရမိပြီး စက်လှေနဲ့ ပဲ့ထောင်စက်လှေ ၁ စီးကိုလည်း ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာမှာ ဆက်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကျော်စွာဝင်း(ကွမ်းခြံကုန်း)ရဲ့ ဖော်ထုတ်ချက်အရ အိုက်စ်တွေကို ကွမ်းခြံကုန်းမြို့နယ်၊ အောင်ဇေယျရွာ၊ လက်ခုပ်ကုန်းရွာနဲ့ လက်ခုပ်ကုန်း-ဆယ်အိမ်ကုန်းရွာသွားလမ်းတို့မှာ မြေမြှုပ်ဖွက်ထားတာကိုသိရပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ရွာနေ အောင်ကျော်(ခ)အောင်ကျော်စိုး၊ ရာကျော်(ခ)ကိုရှိုင်းနဲ့ ကျော်စိန်အောင်(ခ)ကျော်ကြီးတို့ကို ဩဂုတ် ၁၄ ရက်မနက်မှာ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး သူတို့ လိုက်ပြတဲ့နေရာတွေကနေ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၆၁၄ ဒသမ ၂ ကီလို (ဒေသတန်ဖိုးငွေကျပ် သန်းပေါင်း ၁၄၀,၃၅၅)ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆက်အရ မလေးရှားရေပိုင်နက်ကိုပို့မယ့် အိုက်စ်မူးယစ်ဆေးတွေ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ဆီမှာ အပ်နှံထားခဲ့သူ မင်းချစ်အောင် ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၈ ရပ်ကွက်က အိမ်မှာ ဩဂုတ်လ ၁၅ ရက် ညက ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ စိတ်ပြောင်းဆေးဝါး ကက်တမင်းတို့ကို ရန်ကုန်မှာ သိုလှောင်စေပြီး ရခိုင်ပြည်နယ်နဲ့ ပြည်ပကို သယ်ဆောင် ရောင်းဝယ်ရာမှာ အဓိကစီမံခန့်ခွဲသူဟာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းရွာနေ စိုင်းစု ဖြစ်ပြီး သူ့ရဲ့ အစီအမံနဲ့ လှသောင်းနဲ့ စိုင်းရီ တို့က ဆေးပြားတွေကို ရန်ကုန်မှာ ခဏသိုလှောင်ပြီး ရခိုင်ပြည်နယ် ကတဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သယ်ဆောင်ဖို့တာဝန်ခံတာက ထွန်းသိန်းဖြစ်ကြောင်း၊ ရန်ကုန်ကနေ ရခိုင်ပြည်နယ်၊ မြေပုံမြို့ကို တာဝန်ခံသယ်ဆောင်သူက ဝင်းဇော်သိန်း(ဖမ်းမမိ)ဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သယ်ဆောင်သူက ဝင်းခိုင်(ဖမ်းမမိ)ဖြစ်တာကို သိရှိရတယ်လို့ဆိုပါတယ်။

ရန်ကုန်ကတဆင့် မလေးရှားရေပိုင်နက်ကို အိုက်စ်မူးယစ်ဆေးတွေ ပို့ဆောင်ခိုင်းသူက လားရှိုးမြို့နေ ကံကောင်း(ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ကျော်စွာဝင်း (ကွမ်းခြံကုန်း)ဟာ ကြည်ဖြူ(ခ)ကျော်ဝင်းဌေး ရဲ့အစီအမံနဲ့ ပို့ဆောင်ခဲ့တာဖြစ်သလို ကြည်ဖြူ(ခ) ကျော်ဝင်းဌေး ဟာ ကော့သောင်းမြို့မှာ အိုက်စ် ၁ ဒသမ ၂၉ တန်၊ ကက်တမင်း ၁ ဒသမ ၈၇ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဖမ်းဆီးရမိမှုနဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ ထောင်ဒဏ်တသက်ပြစ်ဒဏ် ချမှတ်ခံထားရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်တွေကနေ စက်လှေ ၆ စီး၊ ကား ၁၂ စီး၊ ဂြိုဟ်တုဖုန်း ၄ လုံးနဲ့ ဖမ်းမိသူ ၁၃ ယောက်၊ ဖမ်းဆီးဖို့ကျန်သူ ၉ ယောက်တို့ကို အရေးယူထားပြီး ကွင်းဆက်တွေကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013