
မြန်မာပြည်တွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ ဒေသန္တရ အခက်အခဲတွေကြောင့် မြို့ ၆ မြို့ကို တင်ပို့မယ့် ဖုန်းနဲ့ Laptop အပါအဝင် တားမြစ်ထားတဲ့ ကန့်သတ်ပစ္စည်းတွေပါတဲ့ ပါဆယ်တွေကို လက်မခံကြဖို့ ပါဆယ်ပေးပို့တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ Royal Express က သြဂုတ် ၂၁ ရက် ရက်စွဲနဲ့ ရုံးခွဲတွေကို သတိပေး ထုတ်ပြန်ထားပါတယ်။
Royal Express က ပါဆယ်ပို့ဖို့ ကန့်သတ်လိုက်တဲ့ မြို့နယ်တွေကတော့ စစ်ကိုင်းတိုင်းက မုံရွာ၊ ရွှေဘိုနဲ့ မကွေးတိုင်းက ဆိပ်ဖြူ၊ မြို့သစ်၊ ပခုက္ကူ၊ ရေစကြိုမြို့တို့ဖြစ်ပြီး လမ်းခရီး နှောင့်နှေးကြန့်ကြာနိုင်တာကြောင့် ခုလို ကန့်သတ်ရတာလို့ ဆိုပါတယ်။
အဲဒီမြို့ ၆ ခုကို တင်ပို့ဖို့ ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေကတော့ ဆက်သွယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ၊ Wifi စက်တွေ၊ လျှပ်စစ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဘက်ထရီခြောက်တွေ၊ FDA ထောက်ခံချက်မပါတဲ့ ဆေးဝါးတွေ၊ ဓာတ်မီး၊ လျှပ်စစ်မီးအစားထိုး မီးလင်းစေတဲ့အရာတွေ၊ ချွန်ထက်တဲ့ပစ္စည်းတွေ၊ လက်သမားသုံး ဆက်စပ်ပစ္စည်းတွေ၊ ဖုန်းနဲ့ laptop စတာတွေ ပါဝင်ပါတယ်။
အခုလို တားမြစ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ Royal Express တာဝန်ရှိသူ တယောက်က “အဲဒီကန့်သတ်ပစ္စည်းတွေက လုံးဝ ပို့ဆောင်ပေးလို့ မရပါဘူး။ အဲဒီဘက်လမ်းကြောင်း အခြေအနေလည်း မကောင်းလို့ အဲဒီပစ္စည်းတွေကို ပို့ဆောင်ဖို့ အဆင်မပြေလို့ပါ။ အဲဒီပစ္စည်းတွေကို လမ်းခရီးတွေမှာလည်း အစစ်အဆေးတွေက အရမ်းများတော့ ခုလိုလုပ်လိုက်ရတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ပေးပို့လာတဲ့ ကုန်ပစ္စည်းတွေကို သေချာဖွင့်ဖောက်စစ်ဆေးပြီးမှ လက်ခံကြဖို့ကိုလည်း Royal Express က သတိပေး ပြောဆိုထားပါတယ်။
ကေခိုင်











