DVB Logo
Home
မြန်မာသတင်း
ထိုင်းဘဏ်အကောင့်များ အပိတ်ခံရသဖြင့် ဗီဇာသက်တမ်းမတိုးရသေးသည့် မြန်မာလုပ်သားများ အခက်ကြုံ  
DVB
·
August 22, 2025
ထိုင်းဘဏ်အကောင့်များ အပိတ်ခံရသဖြင့် ဗီဇာသက်တမ်းမတိုးရသေးသည့် မြန်မာလုပ်သားများ အခက်ကြုံ  
Donate to DVB

ထိုင်းနိုင်ငံက ဘန်ကောက်ဘဏ်မှာ ငွေစုစာရင်းဖွင့်ထားတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသားအချို့ ဘဏ်အကောင့်တွေ အသုံးပြုခွင့် ယာယီအပိတ်ခံထားရပြီး ဗီဇာသက်တမ်း မတိုးရသေးတဲ့ မြန်မာလုပ်သားတွေ ဘဏ်ကိစ္စလုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံက ဘန်ကောက်ဘဏ်မှာ ငွေစုစာရင်းဖွင့်ထားတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတချို့ ငွေထုတ်ယူခွင့်၊ ငွေလွှဲပြောင်းခွင့်နဲ့ ဘဏ်အကောင့် အသုံးပြုခွင့် ယာယီအပိတ်ခံထားရတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေဆီက သိရပါတယ်။

ဩဂုတ် ၁၉ ရက် မနက်ပိုင်းက စတင်ကာ ဘန်ကောက်ဘဏ် အသုံးပြုသူတွေရဲ့ မိုဘိုင်း အပလီကေးရှင်းထဲကို အကြောင်းကြားစာ ရောက်လာတာဖြစ်ပြီး အဲဒီအချိန်ကစလို့ ဘဏ်အကောင့်တချို့ အသုံးပြုမရတော့ဘဲ ယာယီ အပိတ်ခံရတာဖြစ်ကြောင်း သိရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

၂၀၂၅ ဖေဖော်ဝါရီမှာ work permit နဲ့ ဗီဇာသက်တမ်းကုန်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ထိုင်းအစိုးရဘက်က ဗီဇာသက်တမ်း မတိုးပေးသေးတာကြောင့် ဘဏ်ကိစ္စ လုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဘန်ကောက်ရောက် မြန်မာအလုပ်သမားတယောက်က “ကျနော်တို့က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက် မနက်ပိုင်းမှာ အပိတ်ခံရတယ် ဘန်ကောက်ဘဏ်ပေါ့။ ပိတ်ရတဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျ မရေးထားဘူး။ ရက် ၃၀ အတွင်း ဘဏ်ကို အချက်အလက်တွေ လာပြရမယ်ဆိုပြီး ဘဏ်အကောင့်ကို hold ထားလိုက်တယ်။ ငွေအထွက် လုံးဝ မရတော့ဘူး။ ငွေလွှဲလို့ မရတော့ဘူး။ ATM card လည်း သုံးမရတော့ဘူး။ အဲဒီတော့ ကျနော်တို့ ဘဏ်ရုံးသွားတယ်။ ကျနော်တို့ဆီမှာ ရှိတဲ့ အချက်အလက်တွေ ပြောပြတော့ ကျနော်တို့က အလုပ်သမား Work Permit နဲ့ ဖွင့်ထားတာ ဆိုတော့ အလုပ်သမား ပါမစ်တွေ ပြတယ်။ ဖြစ်ချင်တော့ ထိုင်းမှာရှိတဲ့ မြန်မာနိုင်ငံသား အများစုက ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ဗီဇာသက်တမ်း ကုန်ထားတယ်။ ဒီကာလမှာ ဘာမှလုပ်မရဘူးတဲ့။ ဗီဇာသက်တမ်း တိုးပြီးမှ ပြန်လာခဲ့တဲ့။ ဗီဇာသက်တမ်းက ကျနော်တို့ မတိုးတာ မဟုတ်ဘူး။ လက်ရှိမှာတော့ ကျနော်တို့ ဘဏ်ကို ယာယီပိတ်ထားပြီးတော့ ငွေအထွက်ကို ပိတ်ထားတာပေါ့” လို့ ပြောပါတယ်။

အကောင့်ပိုင်ရှင်တွေအနေနဲ့ ရက်ပေါင်း ၃၀ အတွင်း ဘဏ်အကောင့်ဖွင့်ခဲ့တဲ့ ဘဏ်ရုံးချုပ်၊ ရုံးခွဲတွေမှာ အချက်အလက်၊ အထောက်အထားတွေနဲ့ သုံးစွဲသူကိုယ်တိုင် သွားရောက် အတည်ပြုရမယ်လို့ ဆိုပါတယ်။

ဘဏ်စာရင်းပိတ်ခံရသူ အများစုက မိမိကိုင်ဆောင်တဲ့ ဖုန်းဆင်းမ်ကတ်နဲ့ ဘဏ်စာရင်းဖွင့်ထားတဲ့ ဖုန်းနံပါတ် မတူတာ၊ ဖုန်းဆင်းမ်ကတ် သက်တမ်းကုန်ဆုံးတာ၊ ထိုင်းမှာ အလည်ဗီဇာနဲ့ လာရောက်ပြီး ဘဏ်စာရင်းဖွင့်ထားတာ၊ ပတ်စ်ပို့ထဲက နာမည်နဲ့ ဘဏ်စာအုပ်ထဲက နာမည် စာလုံးပေါင်း လွဲနေတာ၊ ငွေအဝင်အထွက်များတာ စတဲ့သူတွေ အများဆုံး ကြုံရတယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံရသူတယောက်က “အခုလိုမျိုးကြီး ဗြုန်း ဒိုင်းနဲ့ ပိတ်ချလိုက်တော့ အားလုံးက ဒုက္ခရောက်ကုန်တာပေါ့။ ဘာလို့လဲဆိုတော့ တပြားမှ ထုတ်မရတော့တာပေါ့။ ဘယ်နေ့ ဘယ်ရက် ပြန်ထုတ်ပေးမယ် ဆိုတာလည်း မပြောနိုင်ဘူး။ တိတိကျကျ ရေရေရာရာ ဘာမှ မပြောနိုင်ဘူး။ ရုံးချုပ်မှာ ကျနော်တို့ ကိုယ်တိုင်ဖွင့်ခဲ့တဲ့သူတွေ သွားမေးတော့လည်း သူတို့ကိုယ်တိုင်ကို မပြောနိုင်ဘူး။ သူတို့တောင်းတဲ့အချက်တွေက အဓိက နှစ်ရှည်ဗီဇာတွေဆိုရင် ၂ လပိုင်း ၁၃ ရက်မှာ သက်တမ်းမတိုးခဲ့ရဘူး။ ထိုင်းအစိုးရက ပထမ ၆ လ အချိန်ဆွဲဆန့်တယ်။ ဒုတိယ ၆ လ အချိန်ဆွဲဆန့်တယ်။ အဲဒါတင် တနှစ်ဖြစ်နေပြီ။ ဟိုလည်း သွားမရ၊ ဒီလည်း သွားမရ။ မြန်မာလူမျိုးတွေ ပြန်သွားမှာလည်း သူတို့က ကြောက်တယ်။ နေရတဲ့အချိန် ကျတော့လည်း လက်ထဲမှာ ဗီဇာမရှိတော့ ပြဿနာလွယ်လွယ်ကူကူ ရှာရတာပေါ့” လို့ ပြောပါတယ်။

ထိုင်းရောက် အလုပ်သမားအရေး လုပ်ဆောင်သူတွေကတော့ အလုပ်သမားတွေအနေနဲ့ အချက်အလက် မှန်မှန်ကန်ကန်နဲ့ မိမိဘဏ်အကောင့်ကို ကိုယ်တိုင်သာ အသုံးပြုဖို့နဲ့၊ ဗီဇာသက်တမ်း မတိုးရသေးခင် ကာလတွေမှာ ငွေသားနဲ့သာ လုပ်ခလစာ လက်ခံကြဖို့ အကြံပြုပါတယ်။

၂၀၂၅ ခုနှစ် နှစ်စပိုင်းကလည်း ကျားဖြန့်နှိမ်နင်းရေး စီမံချက်နဲ့ အထောက်အထား မခိုင်လုံတဲ့ ထိုင်းဘဏ်အကောင့် ၂ သန်းနီးပါးနဲ့ ဆင်းမ်ကတ် ၂ သန်းကျော်ကို ပိတ်သိမ်းခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန် ကြေညာထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013