DVB Logo
Home
မြန်မာသတင်း
ပလမြို့၌ စစ်တပ်က ပြည်သူပိုင်ပစ္စည်းများ ခိုးယူ 
DVB
·
August 22, 2025
ပလမြို့၌ စစ်တပ်က ပြည်သူပိုင်ပစ္စည်းများ ခိုးယူ 
Donate to DVB

စစ်ရေးတင်းမာနေတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်ကို ရိုက်ဖွင့်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ဇူလိုင် ၂၄ ရက်နေ့ကစပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ ပလမြို့ကို ဝင်ရောက်စီးနင်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲလို့ ဒေသခံပြည်သူတွေ ဩဂုတ်လ ၂၂ ရက်အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ပွဲအတွင်းကနေ တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်ကို ရိုက်ဖွင့်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးပြီး ယူဆောင်သွားကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့ဝင် တယောက်က “တိုက်ပွဲပြီးတဲ့ ကာလမှာဆိုတော့ ဒီတော်လှန်ရေး အင်အားစုတွေဘက်က နောက်ပြန်ဆုတ်လိုက်တဲ့အချိန်မှာ ခွေးတွေတော်တော် များများက အိမ်တွေမှာ ရိုက်ဖွင့်တယ်။ ပစ္စည်းတွေတော်တော်များများယူကြတယ်။ ဖုန်းဆိုင်တွေမှာလည်း ရိုက်ဖွင့်တယ်။ ဖုန်းတွေယူကြတယ်။ ရတဲ့ပစ္စည်းတွေကို ရေလမ်းကနေ တဆင့် တခြားနေရာကို ပြန်သယ်ချနေတယ်”လို့ ပြောပါတယ်။

ပလမြို့မှာ တိုက်ပွဲကြောင့် ပလမြို့အပါအဝင် မင်းပြင်၊ ဘိုင်းပြင်၊ မိန်းမမြို့၊ ဇရပ်ဆိပ်နဲ့ တပိုစတဲ့ကျေးရွာက ဒေသခံပြည်သူတွေဟာ နီးစပ်ရာမြို့တွေ၊ စစ်ရှောင်စခန်းတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်မှာ ကျန်ရှိခဲ့တဲ့  ဆိုင်ကယ်တွေအပါအဝင် ရသမျှ အကုန်ယူနေတာလို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

“တချို့ ပစ္စည်းဆုံးရှုံးသူတွေ များတယ်။  အိမ်တွေမှာ ဆိုင်ကယ်တွေ ကျန်ခဲ့တဲ့သူတွေလည်း ရှိတယ်။ အဲဒီဆိုင်ကယ်တွေ စစ်ကောင်စီတပ်က ယူသွားကြတယ်။ အိမ်တွေမှာဆိုရင်လည်း အိမ်ထဲကပစ္စည်းတွေ အကုန်လုံးယူသွားကြတယ်။ ဘာမှချန်မထားဘူး။ စစ်တပ်က သူတို့အတွက် သုံးလို့ ရရ၊ မရရ ယူနေတာ။ အသုံးဝင်လား မဝင်လားမသိဘူး ရသမျှကို အကုန်ယူနေတာ အခုထိပဲ။”

ပလမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းအပြင် ရေကြောင်းက စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၈ ယောက်နဲ့ ဘုန်းကြီး ၂ ပါးပျံလွန်တော်မူပြီး မြို့တွင်းပိတ်မိနေတဲ့ ဒေသခံပြည်သူ ၃၀၀ ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ၊ စစ်တပ်ရဲ့ လေကြောင်းအပြင်  ရေပြင်နဲ့မြေပြင်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၅,၀၀၀ နီးပါးဟာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်အရေးကူညီနေသူတယောက်က “ပလမြို့တိုက်ပွဲတွေမှာ စစ်ရှောင်စခန်းတွေဆီ စစ်ဘေးရှောင်လာတာက အရမ်းနည်းတယ်။ ကျန်လွတ်မြောက်နယ်မြေနဲ့ ရွာတွေမှာ အနည်းငယ်နေတာတွေရှိတယ်။ ပလကမြို့ဖြစ်တဲ့အတွက် ပိုက်ဆံတွေ အဆင်ပြေတဲ့နေရာ ဖြစ်တယ်။ တချို့သူတွေဆို တိုက်ပွဲမဖြစ်ကတည်းက အထုပ်ကြီးအထုပ်ငယ်တွေနဲ့ ပုလောတို့ မြိတ်ကို သွားတာ အများကြီးရှိတယ်။ ရွာထဲမှာနေကျန်ခဲ့တဲ့ ပြည်သူတွေကိုလည်း စစ်တပ်က နေပြီး လည်လှီးသတ်တာတွေလည်းရှိတယ်။ ဒရုန်းကျပြီး အိမ်မှာနေလို့ အခုထိ အလောင်းပြန်မရသေးတဲ့သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၁၆ ရက်အထိ ပလမြို့မှာဖြစ်ပွားခဲ့တဲ့ တလနီးပါးကြာ တိုက်ပွဲအတွင်း တိုက်ပွဲကြီး ၉ ကြိမ်ဖြစ်ပွားခဲ့ရာ  စစ်တပ်ဘက်က ဝေဟင်နဲ့၊ ရေပြင်ကနေ ပစ်ကူပေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း  တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၄ ယောက် ကျဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ ဆီက သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013