
ဗြိတိန်နိုင်ငံက ဘက်ထရီစွမ်းအင်သုံး ရထားတစင်းဟာ အားတခါသွင်းပြီး အဝေးဆုံးသွားနိုင်တဲ့ ကမ္ဘာ့စံချိန်ကို မိုင်-၂၀၀ အကွာအဝေးနဲ့ ချိုးဖျက်လိုက်ပါတယ်။
ဒါဟာ Great Western Railway ဆိုတဲ့ ပုဂ္ဂလိကကုမ္ပဏီကနေ အထူးပြင်ဆင်ထားတဲ့ ရထားအဟောင်းကို အသုံးပြုပြီး တညတာ ခရီးနှင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် စံချိန်တင်ဖို့အတွက် ရီးဒင်းမြို့ကနေ ထွက်ခွာလာခဲ့ပြီး လန်ဒန်-ပတ်ဒင်တန်နဲ့ အောက်စ်ဖို့ဒ်ဘူတာရုံတွေကို ဖြတ်သန်းရင်း စထွက်ရာအရပ်မှာတင် အဆုံးသတ်ခဲ့ပါတယ်။
၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်တုန်းက တင်ထားတဲ့ အရင်စံချိန်ဟောင်းဖြစ်တဲ့ ၁၃၉ မိုင်-အကွာအဝေးကို စတက်ဒလာဒါ့ချ်လန်းအမည်ရ ဂျာမန်ရထားကုမ္ပဏီက ဘာလင်မြို့မှာ အကောင်အထည်ဖော်ခဲ့ တာပါ။
အခု တခေါက်ဗြိတိန်စံတော်ချိန် မနက် ၄ နာရီ အရောက်မှာတော့ ဘရူနယ် မေဒန်ဟတ် တံတားပေါ်ဖြတ်သန်းရင်း GWR ကုမ္ပဏီရဲ့ ရထားက မိုင်-၁၄၀ အကွာအဝေးနဲ့ စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
အနှစ် ၂၀၀ ပြည့်မြောက်ပြီ ဖြစ်တဲ့ မီးရထားသယ်ယူပို့ဆောင်ရေးစနစ်ရဲ့ အထိမ်းအမှတ်အတွက် အခု လိုမျိုး စံချိန်တင်အောင် ကြိုးပမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် GWR ရထားပေါ်မှာ ဘက်ထရီ ၆ လုံး တပ်ဆင်ထားပေမဲ့လည်း စံချိန်တင် ခရီးစဉ်အတွင်း ၅ လုံးသာ အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီခရီးစဉ် ပြီးဆုံးချိန်မှာတော့ ဘက်ထရီအား ၂၂ ရာခိုင်နှုန်းကျန်နေသေးတဲ့အလျောက် နောက်ထပ် ၅၈ မိုင်လောက် ဆက်သွားနိုင်သေးတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။
ကမ္ဘာ့စံချိန်အတွက် “SuperMode” နဲ့ ခုတ်မောင်းခဲ့ရာမှာ အမြန်နှုန်း မိုင် ၃၀ ကနေ ၄၀ သာရှိပြီး အမြင့်ဆုံးအရှိန်ဖြစ်တဲ့ တနာရီကို မိုင်-၆၀ (60mph) နဲ့ မောင်းနှင်မယ်ဆိုရင်တော့ မိုင်-၁၂၀ အကွာအဝေးလောက်ပဲ ရောက်နိုင်မှာဖြစ်ပါတယ်။
GWR ရဲ့ အားအမြန်သွင်းနည်းပညာကလည်း ၂,၀၀၀ ကီလိုဝပ် (2 Megawatts) အထိကို စွမ်းအင်ပေးနိုင်ပါတယ်။
အဲဒီပမာဏက Tesla ရဲ့ Supercharger အားသွင်းစက် ၈ ခုပေါင်းထက် ပိုပြီးများတဲ့အပြင် သာမန်လျှပ်စစ်ကား တစီးကိုပါ ၈၅ စက္ကန့်အတွင်း အားသွင်းပေးနိုင်ပါတယ်။
အဲဒီနောက် သဘာ၀ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး ဘက်ထရီအားသုံး ရထားဟာ ဒီဇယ်ဆီသုံး ရထားနဲ့ နှိုင်းယှဉ်ကြည့်ရင် ကာဗွန်ထုတ်လွှတ်မှု ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။
လာမယ့် ၇ နှစ်ကနေ ၁၀ နှစ်အတွင်း ဒီဇယ်ရထားကြီးတွေ သက်တမ်းကုန်ဆုံးတဲ့အခါ ဘက်ထရီရထားတွေနဲ့ အစားထိုးနိုင်မလားဆိုတာကို GWR ကုမ္ပဏီက လေ့လာနေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











