DVB Logo
Home
နိုင်ငံတကာ
ထိုင်းဘဏ်တွင် ငွေစာရင်းဖွင့်ထားသူအချို့ ယာယီအပိတ်ခံထားရ 
DVB
·
August 21, 2025
ထိုင်းဘဏ်တွင် ငွေစာရင်းဖွင့်ထားသူအချို့ ယာယီအပိတ်ခံထားရ 
Donate to DVB

ထိုင်းနိုင်ငံ ဘဏ်တွေမှာ  ငွေစုစာရင်းဖွင့်ထားတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသားအချို့  ငွေထုတ်ယူခွင့်၊ လွှဲပြောင်းခွင့်တွေ ယာယီပိတ်ပင်ခံထားရတယ်လို့ ထိုင်းရောက် မြန်မာအသိုက်အဝန်းကနေ သိရပါတယ်။

ဩဂုတ် ၁၉ ရက်က စားသောက်ဆိုင်မှာ ဖုန်းအပလီကေးရှင်းနဲ့ ငွေရှင်းဖို့ပြင်စဉ် ခါတိုင်းလို ငွေလွှဲလို့မရတော့ဘဲ ဘဏ်ကို ဆက်သွယ်ရန် ဆိုတဲ့ စာကြောင်းသာ ပေါ်လာတယ်၊ စာရင်းဖွင့်ထားတဲ့ ဘန်ကောက်ဘဏ်ကို သွားမေးရာမှာတော့ အချက်အလက် အထောက်အထားတွေ ပြန်မေးပြီး နောက်တပတ်ကို ပြန်ချိန်းတယ်လို့  ထိုင်းရောက်မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။ 

“ဘဏ်မှာ ပတ်စ်ပို့၊ ဗီဇာအထောက်အထားတွေ ပြန်ပြရတယ်။ ကျနော့်စာအုပ်တွေက သက် တမ်းမကုန်သေးပါဘူး။ ဗီဇာလည်း ရှိပါသေးတယ်။ ထိုင်းမှာ အလုပ်သမားကတ် မရှိဘဲ ဘယ်ကငွေတွေ လစဉ် ဝင်လာသလဲ၊ အိမ်ကို ဘယ်ကငွေတွေနဲ့ ဝယ်သလဲ၊ အဲဒီလို စစ်ဆေးတယ်။ ကျနော့်အလုပ်က နိုင်ငံခြားသားတွေနဲ့ လုပ်တာပါလို့ ပြောတော့ ကျနော့်ဗီဇာက ထိုင်းကနေ အလုပ်လုပ်ခွင့်မရှိဘူးလို့ ပြောတယ်။ လောလောဆယ် ကျနော်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ဘဏ်ရုံးချုပ်ကို ပို့ထားပြီး နောက်တပတ် ၁၀ ရက်မှ ပြန်လာဖို့ ချိန်းပါတယ်။ ဘဏ်ထဲက ငွေတွေ ပြန်ရမရဆိုတာ သေချာလည်း မပြောဘူးခင်ဗျ။ ဒီကြားထဲမှာ ငွေသုံးစွဲလို့မရ၊ ထုတ်ယူလို့သာ မရတာ အဝင်ကျတော့ ရတယ်ခင်ဗျ။”

အလားတူ ပညာရှင်နဲ့အတူ မှီခိုသူအဖြစ် လိုက်ပါလာတဲ့ အမျိုးသမီးတယောက်လည်း ငွေစာရင်းပါ အပိတ်ခံထားရပြီး စစ်ဆေးခံထားရတယ်လို့ ဆိုပါတယ်။

တခြားသော ဘဏ်စာရင်းပိတ်ခံရသူ မိတ်ဆွေတွေကို လိုက်လံမေးမြန်းကြည့်ရာမှာတော့  မိမိကိုင်ဆောင်တဲ့ တယ်လီဖုန်းဆင်းမ်ကတ်နဲ့  ဘဏ်စာရင်းဖွင့်ထားတဲ့ ဖုန်းနံပါတ် မတူညီသူတွေ၊ ဖုန်းဆင်းမ်ကတ် သက်တမ်းကုန်ဆုံးသူတွေ၊  ထိုင်းကို အလည်အပတ်ဗီဇာနဲ့  လာရောက်ပြီး ဘဏ်စာရင်း ဖွင့်ထားသူတွေ၊ ပတ်စ်ပို့စာအုပ်ထဲက အမည်နဲ့ ဘဏ်စာအုပ်အမည် စာလုံးပေါင်း မှားယွင်းနေတာတွေ၊ ရွှေ့ပြောင်းအလုပ်သမားကတ်နဲ့ ဘဏ်စာရင်းဖွင့်ပြီး ဝင်ငွေက အခြေခံအလုပ်သမား လစာထက် အဆမတန်များပြားသူတွေ၊ ဘဏ်စာရင်းပိတ်ခံထားရတယ်လို့ သိရပါတယ်။

ဘဏ်ကိုပြန်သွားပြီး  ဖြေရှင်းတာမှာ အကျိုးအကြောင်းဆီလျော်တယ်ဆိုရင်တော့ စာရင်းပြန်ဖွင့်ပေးတယ် လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတယောက်ကတော့ သူ့ရဲ့ ATM ကတ်ကို ညီမလေးကို ပေးသုံးထားတာ၊ ခါတိုင်း ငွေသွားထုတ်လို့ ရပေမဲ့ အရင်တပတ်ကတော့ ထုတ်လို့မရတော့ဘူးလို့ ပြောပါတယ်။

“ဘဏ်ကိုလိုက်သွားတော့ ဘဏ်စာရင်းဖွင့်တုန်းက စကဲန်ဖတ်ထားတဲ့ ပိုင်ရှင်နဲ့ ထုတ်သူနဲ့ တယောက်တည်းမဟုတ်လို့ ထုတ်မရဘူးလို့ပြောတယ်။ ကျမက အကောင့်ပိုင်ရှင်အစစ်ပါဆိုပြီး အထောက်အထားတွေနဲ့ သွားပြမှ ပိတ်ထားတဲ့ငွေစာရင်း ပြန်ဖွင့်ပေးပါတယ်။ ငွေလည်းထုတ် လို့ရပါတယ်”လို့ မြန်မာရွှေ့ပြောင်းလုပ်သားက သူ့ရဲ့ လူမှုကွန်ရက်မှာ Live လွှင့် ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ကောလ်စင်တာလို့ခေါ်တဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက တပါးသူရဲ့ ဘဏ်စာရင်းကို   အခကြေးငွေပေး ငှားရမ်းပြီး ငွေလွှဲငွေလိမ် လုပ်နေတာတွေ လုပ်ဆောင်နေတာကြောင့် သက်ဆိုင်ရာဘဏ်အသီးသီးက ဘဏ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုတင်းကျပ် လုပ်ဆောင်နေတာပါ။ 

ထိုင်းမှာ လူသုံးများတဲ့ True Move တယ်လီဖုန်းကုမ္ပဏီကတော့ ဩဂုတ် ၁၈ ရက်ကစပြီး ထိုင်းမှတ်ပုံတင် ကိုင်ဆောင်သူနဲ့ ပတ်စပို့စာအုပ်အကြီး ကိုင်ဆောင်ထားတဲ့သူတွေကိုသာ ဖုန်းဆင်းမ်ကတ်တွေ ရောင်းချပေးတော့မှာ ဖြစ်တယ်။

ထိုင်းမှာ နေထိုင်ခွင့်ရ တောင်ပေါ်သားကတ်အမျိုးမျိုး၊ ပန်းရောင်အလုပ်သမားကတ်၊ ၁၀ နှစ်ခံဘတ်၊ ရွှေ့ပြောင်းအလုပ်သမားကတ်၊ CI အစိမ်းရောင်စာအုပ် စတာတွေကို ရောင်းချပေးတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013