
Google က Gemini ပါတဲ့ Pixel 10 စမတ်ဖုန်းသစ်စီးရီးကို သြဂုတ် ၂၀ ရက်က စတင်မိတ်ဆက်လိုက်ပါတယ်။
Pixel 10 စီးရီးသစ်မှာ AI နဲ့ ကင်မရာ features သစ်တွေ ပါဝင်ကာ Pixel 10 ကို ၇၉၉ ဒေါ်လာ က စတင်ရောင်းချမှာဖြစ်ပြီး အရောင် ၄ ရောင်နဲ့ ရနိုင်တယ်လို့ ဆိုပါတယ်။
ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ Pixel 10 Pro ကတော့ ၉၉၉ ဒေါ်လာကနေ စတင်မှာဖြစ်ပြီး ပိုကြီးတဲ့ မျက်နှာပြင်အတွက် Pixel 10 Pro XL ကို ထုတ်လုပ်ထားပြီး 256GB နဲ့ စတင်ကာ ၁၁၉၉ ဒေါ်လာကနေ စတင်ရောင်းချမှာဖြစ်ပါတယ်။
ဒါ့အပြင် Pixel 10 စီးရီးမှာ Pixel 10 Pro Fold ဖုန်းလည်း ပါဝင်ပြီး ၁၇၉၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပါတယ်။
ဒါ့အပြင် Google က Pixel 10 စီးရီးအပြင် စမတ်နာရီ ဖြစ်တဲ့ Pixel Watch 4 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းသစ်တွေမှာ Google ရဲ့ နောက်ဆုံးထွက် Gemini AI စွမ်းဆောင်ရည်တွေ သုံးစွဲနိုင်မှာဖြစ်ပြီး ကုမ္ပဏီက အသစ်ထုတ်လုပ်ထားတဲ့ Magic Cue ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Google ရဲ့ အသစ်ထွက်ထားတဲ့ Magic Cue ဆော့ဝဲဟာ Google မှာ စာရိုက်ချိန်နဲ့ အခြား apps တွေမှာ ဒေတာရှာဖွေရာမှာ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ စားသောက်ဆိုင် ရှာဖွေတာ၊ လေယာဉ်လက်မှတ် ဖြတ်တာတွေမှာ Magic Cue က အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Weather app နဲ့ ရာသီဥတုအခြေအနေတွေကို Magic Cue ကို အခြေခံပြီး ပြောပေးနိုင်မယ်လို့ ဆိုပါတယ်။
Magic Cue က ပေးပို့တဲ့ အချက်အလက်တွေကို Cloud ပေါ် တင်ပေးမှာမဟုတ်ဘဲ ဖုန်းထဲမှာပဲ သိမ်းထားမှာ ဖြစ်တာကြောင့် အသုံးပြုတဲ့သူရဲ့ ခွင့်ပြုချက်မရဘဲ တခြားသူနေရာတွေကို ကူးပြောင်းခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Pixel 10 ဖုန်းတွေမှာ ကင်မရာ ၃ လုံး ပါဝင်မှာဖြစ်ကာ ၅x တယ်လီပိုတီကင်မရာလည်း ပါဝင်ပါတယ်။ Pixel ဖုန်းတွေရဲ့ ဆိုဒ်က ၆.၃ လက်မရှိပြီး G5 ပရိုဆက်ဆာကို အသုံးပြုထားကာ RAM 12 GB နဲ့ Storage 256GB ကနေ စတင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။
Google Pixel 10 Pro Xl ဖုန်းတွေကို ၆.၈ လက်မ display နဲ့ စတင်မှာဖြစ်ပြီး ဘက်ထရီလည်းပိုပြီးကြီးသွားမှာဖြစ်ပါတယ်။ Google ကတော့ Pixel 10 ဖုန်းတွေဟာ နာရီ ၃၀ ကျော်အထိ ဘက်ထရီသက်တမ်းခံတယ်လို့ အာမခံထားပါတယ်။
ခေါက်ဖုန်းဖြစ်တဲ့ Pixel 10 Pro Fold ဖုန်းကတော့ စခရင်ဆိုဒ် ၆ ဒသမ ၄ လက်မနဲ့ လာမှာဖြစ်ပြီး ရေစိုခံတာနဲ့ ဖုန်မှုန့်ကာကွယ်မှု dust resistant ပါဝင်မှာဖြစ်ပါတယ်။
ဒီအသစ်ထွက်တဲ့ ဖုန်းဒီဇိုင်းက ပိုပြီးအကြမ်းခံမှာဖြစ်တယ်လို့လည်း Google က ပြောပါတယ်။ ခေါက်ဖုန်းတွေဟာ ဖြန့်လိုက်မယ်ဆိုရင် ၈ လက်မ မျက်နှာပြင်နဲ့ Streaming Content တွေ၊ ဂိမ်းကစားတာတွေ၊ အလုပ်လုပ်နိုင်တာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Google ရဲ့ ခေါက်ဖုန်းတွေဟာ Samsung ရဲ့ Galaxy z Fold 7 ကို ဈေးကွက်မှာ အဓိက ယှဉ်ပြိုင်မယ့်ဖုန်း ဖြစ်လာနိုင်ပါတယ်။
Samsung ရဲ့ ခေါက်ဖုန်းဟာ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံးဖြစ်နေပေမဲ့ ဈေးနှုန်းမှာ Google ဖုန်းက ၁၇၉၉ ဒေါ်လာ သတ်မှတ်ထားလို့ ဒေါ်လာ ၂၀၀၀ တန် Samsung ဖုန်းထက်ပိုပြီး သက်သာနေပါတယ်။
Google က ဖုန်းတွေအပါအဝင် Pixel Watch 4 နာရီကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ မျက်နှာပြင် အခုံးနဲ့ ပိုကြီးတဲ့ မျက်နှာပြင်နဲ့ ဘက်ထရီသက်တမ်း ၂၅ ရာခိုင်နှုန်း ပိုပြီး အသုံးခံမယ်လို့ ဖော်ပြထားပါတယ်။
LTE ဗားရှင်းကို အသုံးပြုထားပြီး အခြားဖုန်းတွေ၊ ဆော့ဝဲလ်တွေ အသုံးပြုစရာမလိုဘဲ အရေးပေါ် ဂြိုဟ်တုချိတ်ဆက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီနာရီဟာ Hiking လုပ်သူတွေနဲ့ ဒဏ်ရာရချိန်တွေမှာ အရေးပေါ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pixel Watch 4 နာရီဟာ ၃၄၉ ဒေါ်လာက စတင်မှာဖြစ်ပြီး ဒိုင်ခွက် အကျယ် ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ ၂ မျိုး ရရှိမှာဖြစ်ပါတယ်။
Source: Reuters











