
တရားခွင်ရုပ်သံမှတ်တမ်းတွေကြောင့် ကမ္ဘာ့အကောင်းဆုံးတရားသူကြီး ဆိုပြီး ကျော်ကြားတဲ့ ဖရန့်ကက်ပရီယိုဟာ ကင်ဆာရောဂါနဲ့ တိုက်ပွဲဝင်ရင်းနဲ့ အသက် ၈၈ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပါတယ်။
တကယ့် မြူနီစီပယ် တရားခွင်မှတ်တမ်းတွေကို ရိုက်ကူးထားတဲ့ Caught in Providence အစီအစဉ်မှာ မြင်တွေ့ရတဲ့ ကက်ပရီယိုရဲ့ စာနာမှု၊ နားလည်မှုအပေါ် အခြေခံတဲ့ စီရင်ဆုံးဖြတ်ပုံ ကြောင့် ကမ္ဘာမှာ ထင်ရှားခဲ့တာဖြစ်ပါတယ်။
တရားစီရင်ရေးမှာ တရားမျှတမှုနဲ့အတူ ကြင်နာမှုနဲ့ လူသားဂုဏ်သိက္ခာအပေါ် လေးစားမှုပါ အမြဲပါဝင်သင့်တယ်ဆိုတဲ့ အယူအဆကို ဒီရုပ်သံအစီအစဉ်က မီးမောင်းထိုးပြခဲ့ပါတယ်။
မကွယ်လွန်မီ တရက်အလိုမှာ နောက်ဆုံး အင်စတာဂရမ် ပို့စ်တခု တင်ခဲ့သေးပြီးတော့ သူ့အတွက် ဆုတောင်းပေးဖို့ မေတ္တာရပ်ခံခဲ့ရပါတယ်။
အမေရိကန်ရဲ့ အသေးဆုံးပြည်နယ်ဖြစ်တဲ့ ရုတ်ဒ်အိုင်းလန်းပြည်နယ်၊ မြို့တော် ပရောဗီးဒန့်စ်မှာ မွေးဖွားခဲ့တဲ့ ကက်ပရီလိုဟာ မြူနီစီပယ် တရားသူကြီးအဖြစ် ဆယ်စုနှစ်များစွာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာမှ သူ့တရားခွင်ကို ရုပ်သံအစီအစဉ်အဖြစ် ရိုက်ကူးတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကနေ ၂၀၂၀ အတွင်း နိုင်ငံတွင်းမှာ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီအစီအစဉ်ဟာ နောက်ပိုင်းမှာ လူမှုကွန်ရက်ကနေ ကမ္ဘာမှာပါ ပျံ့နှံ့ကျော်ကြားခဲ့ပါတယ်။
၂၀၂၃ မှာတော့ ကက်ပရီယိုဟာ ပန်ကရိယကင်ဆာ ကုသမှုခံယူနေရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ကုသမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အကောင်းမြင်မှုတွေကို အမြဲမျှဝေပေးခဲ့ပါတယ်။
ရုတ်ဒ်အိုင်းလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဒန်မက်ကီးကတော့ ကက်ပရီယိုဟာ ကျွန်းရဲ့ ရတနာ တပါး ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပြည်နယ်မှာ အလံတဝက် လွှင့်ထူဖို့ အမိန့်ပေးခဲ့ပါတယ်။
Source: Reuters











