
ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ရန်ကုန် - ဒလ တံတားကို ည ၁၂ နာရီအထိ အချိန်တိုးပြီး ဖြတ်သန်းခွင့် ပေးသွားမယ်လို့ သိရပါတယ်။
ဇွန် ၂၂ ရက် မနက်ပိုင်းက ကျင်းပတဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ စစ်အာဏာရှင်ခန့် တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောသွားတာပါ။
အရင်က ရန်ကုန်-ဒလ တံတားကို နေ့စဉ် မနက် ၄ နာရီကနေ ည ၁၀ နာရီအထိသာ ဖြတ်သန်းခွင့်ပြု ထားတာ ဖြစ်ပါတယ်။
ရန်ကုန်တဖက်ကမ်း ဒလမြို့နယ်အတွင်းက ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စတွေအတွက် ဒီတံတားကို ည ၁၂ နာရီအထိ တိုးပြီး ဖြတ်သန်းခွင့် ပြုနိုင် မပြုနိုင်ကို ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်းက တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။
အဲဒီလို မေးမြန်းမှုနဲ့ပတ်သက်ပြီး ဝန်ကြီး ဒေါက်တာမျိုးသော်က တံတား လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး လုံခြုံရေးစနစ်တကျ ဆောင်ရွက် ပေးနေတာကြောင့် ည ၁၂ နာရီအချိန်အထိ ထပ်တိုးသုံးစွဲဖြတ်သန်းခွင့်ပြုပေးနိုင်ကြောင်း လွှတ် တော်ကတဆင့် ပြန်လည်ဖြေကြားသွားပါတယ်။
ဒါပေမဲ့ အခုလိုအချိန်ထပ်တိုးခွင့်ပြုခဲ့ပေမဲ့ အခြေခံပြည်သူအတွက် ဘာမှအကျိုးမထူးနေဘဲ ၂၄ နာရီ အချိန်ပြည့်သာ ဖွင့်လှစ်ပေးထားသင့်တယ်လို့ ဒလမြို့ခံတယောက်က DVB ကို ပြောပါတယ်။
"ရန်ကုန်မှာလည်း ညမထွက်ရအမိန့်တွေ ဘာတွေ မရှိတော့တဲ့အတွက် ၂၄ နာရီ ဖွင့်ထားပြီး တံတားပေါ်တက်ရင် ပိုက်ဆံကောက်ပေါ့ဗျာ။ ဒါရိုးရိုးလေး ဖြေလျှော့ပေးလို့ရတာပဲ။ အခုက သူတို့က ၁၀ နာရီ ပိတ်တယ်၊ ၁၂ နာရီ ပိတ်တယ်နဲ့ အရေးရယ် အကြောင်းရယ် လူမှုရေးကိစ္စတွေ ၊ ကျန်းမာရေးကိစ္စတွေရှိရင် ကျနော့်မှာ ကားရှိနေရင်တောင် အဲဒီတံတားပေါ် တက်လို့မရဘူး။
NLD အစိုးရလက်ထက်က စတင်ဆောက်လုပ်ခဲ့တဲ့ ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ရန်ကုန် - ဒလ တံတားကို ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီ ၆ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က စပြီး တံတားဖြတ်သန်းခ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ တံတားဖြတ်သန်းခအနေနဲ့ အနိမ့်ဆုံး ကျပ် ၅၀၀ ကျပ်ကနေ ၄.၀၀၀ အထိ ယာဉ်အမျိုးအစားနဲ့ တန်ချိန်အလိုက် သတ်မှတ်ကောက်ခံနေပါတယ်။










