

သန်လျင်မြို့နယ် ကုလားဝဲတိုးဂိတ်အနီးမှာ ဩဂုတ် ၁၉ ရက် ဒီနေ့မနေ့ မနက် ၇ နာရီခွဲက ရပ်ထားတဲ့ ဆီဘောက်ဆာယာဉ်ကို အထည်ချုပ်စက်ရုံ ဖယ်ရီယာဉ်က တိုက်မိရာ အမျိုးသား ၂ ယောက် နဲ့ အမျိုးသမီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဖယ်ရီကား ဘရိတ်မမိသလိုဖြစ်သွားပြီး ရပ်ထားတဲ့ ဆီဘောက်ကားကို တိုက်တာ။ ကားပေါ် အလုပ်သမား ၈ ယောက် ဒဏ်ရာရတယ်၊ လမ်းဘေးမှာ ပလုံကောက်နေတဲ့ ကောင်လေးလည်း ထိသွားတယ်၊ သူကတော့ စိုးရိမ်ရတယ်။”
ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြို့ခံတွေက လူမှုကယ်ဆယ်ရေးအသင်းတွေကို ခေါ်ကာ ဒဏ်ရာရသူတွေကို သန်လျင်မြို့နယ်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဖြစ်စဥ်မှာကူညီခဲ့သူတယောက်က DVB ကို ပြောပါတယ်။
“ပလုံကောက်တဲ့ ကောင်လေးက ဒဏ်ရာပြင်းထန်လို့ သန်လျင်ကနေ ရန်ကုန်ဆေးရုံကြီး ပို့လိုက်တယ်။ အလုပ်သမား ၈ ယောက်က သန်လျင်ဆေးရုံမှာ။”
လတ်တလောမှာ အဆိုပါယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဥ်ထိန်းရဲတွေက အထည်ချုပ်စက်ရုံက ယာဥ်မောင်းကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် သြဂုတ် ၉ ရက် ည ၇ နာရီကလည်း သန်လျင် ကုလားဝဲ၊ သန်လျင်အမှတ် ၂ တံတားလမ်းမမှာ YBS ၃၇ ဖယ်ရီကားနဲ့မြေသယ်ယာဥ် ၂ စီးတိုက်မိပြီး အမျိုးသား ၁ ယောက် သေဆုံးကာ အလုပ်သမား ၁၂ ဦးဒဏ်ရာရခဲ့ဖူးပါတယ်။










