DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပြည်သူ ၇၀ ဝန်းကျင်သေဆုံး
DVB
·
August 19, 2025
လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပြည်သူ ၇၀ ဝန်းကျင်သေဆုံး
Donate to DVB

အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် တပတ်အတွင်း ထိခိုက်သေဆုံးရတဲ့ ပြည်သူ ၇၀ ထက်မနည်း ရှိခဲ့ပါတယ်။ 

အာဏာသိမ်းစစ်တပ်ဟာ အခုလပိုင်းထဲ ထိုးစစ်တွေ ပြုလုပ်နေသလို  တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အား အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အရပ်သား ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာခဲ့ပြီး ဩဂုတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ ၁ ပတ်တာအတွင်း DVB က ပြုစုထားတဲ့စာရင်းတွေအရ နိုင်ငံတဝန်း သေဆုံးသူ ၆၉ ယောက်အထိ ရှိလာခဲ့ပါတယ်။ 

လူသေဆုံးမှုအများဆုံးဖြစ်စဉ်တွေကတော့ စစ်ကိုင်းမြို့နယ်ထဲက ကုန်တင်ယာဉ်တန်း တိုက်ခိုက်ခံရမှု၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့ နဲ့ ကယားပြည်နယ်၊ မော်ချီးမြို့ ဗုံးကြဲမှုဖြစ်စဉ်တွေပါ။

မိုးကုတ်မြို့ရဲ့ လူသေဆုံးမှုအများဆုံး ဖြစ်စဉ်ကတော့ ဩဂုတ် ၁၄ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး ရွှေကူရပ်ကွက်မှာရှိတဲ့ လင်းရောင်ခြည် ဘုန်းတော်ကြီးကျောင်း ဗုံးကြဲခံရကာ တနေ့တည်း လူ ၂၁ ယောက်အထိ သေဆုံးခဲ့တာပါ။

မိုးကုတ်မြို့ခံတယောက်က “ဒီလထဲမှာ ၄၀၊ ၅၀ လောက်ရှိသွားမယ်ထင်တယ် အစ်ကို။ မြို့က လူဦးရေကတော့ လက်ရှိ တဝက်လောက် ထွက်သွားကြပြီ။ တော်တော်ကိုထွက်သွားပြီ။ ကျနော်တို့နဲ့ သိကျွမ်းတဲ့ မိတ်ဆွေတွေရော၊ ရရာနည်းလမ်းနဲ့ ထွက်ကြတယ်။ ဆိုင်ကယ်ရှိရင် ဆိုင်ကယ်နဲ့ ထွက်ကြတယ်။ ကားရှိရင် ကားနဲ့ ထွက်ကြတယ်ပေါ့နော်။ အဓိကတော့ ဟိုမှာ ဘယ်လိုပဲသွားနေရ၊ နေရ ဒီမှာမနေရရင် ပြီးရောဆိုတဲ့ စိတ်နဲ့ကို သွားကုန်ကြတာ အစ်ကို” လို့ ပြောပါတယ်။

ဩဂုတ် ၁၇  ရက်နေ့မှာတော့ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲက မော်ချီးမြို့ကို လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်တာကြောင့် ၂၅ ယောက် သေဆုံးခဲ့ပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။

IEC အတွင်းရေးမှူး-၂ ဦးဗညားက “ဒီ မော်ချီးကိုလည်း မကြာခဏ ဗုံးကြဲသလို၊ ဒီးမော့ဆိုဘက်ကိုလည်း မကြာခဏ ဗုံးကြဲတယ်။ အဲဒီတော့ ကြည့်မယ်ဆိုရင် လူမှုစီးပွားပျက်အောင်ပေါ့၊ စီးပွားရေးပျက်အောင်။ အဲဒီစီးပွားရေးပျက်ရင် လူထုတွေ ပရမ်းပတာ ဖြစ်မယ်၊ လူထုတွေ ပြောင်းကြမယ်၊ ပြေးကြမယ် ဆိုရင်တော့ စီးပွားပျက်မှာပေါ့နော်။ ကျနော့်အမြင်တော့လေ၊ လူမှုစီးပွားကို ဖျက်တာလည်း ပါမှာပေါ့။ ကျနော်တို့ပြည်နယ်ရဲ့ လူမှုစီးပွားကလည်း ဒီ မော်ချီးမှာလည်း တော်တော်လေးအခရာကျတဲ့ထဲမှာ ပါတာပေါ့။ မော်ချီး၊ ဒီးမော့ဆို ဒီဘက်ခြမ်းပေါ့နော်” လို့ ပြောပါတယ်။

အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့အထိ ဗုံးကြဲခံရတဲ့ မိုးကုတ်မြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဇူလိုင် ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ 

ဒါ့အပြင် ဖြစ်စဉ် ၂ ခုလုံးမှာ စစ်တပ်က အရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ပြည်သူတွေ သေဆုံးမှုဖြစ်အောင် လေတပ်က ဗုံးကြဲတာမှန်ပေမဲ့ ဘယ်ကို ဗုံးကြဲမယ်၊ ဘယ်ဗုံးအမျိုးအစားသုံးမယ် ဆိုတာတွေကို ကကကြည်း လို့ခေါ်တဲ့ ‘ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)’ ရုံးက ကွပ်ကဲအမိန့်ပေးတာလို့ လေတပ် CDM စစ်ရေးလေ့လာသူတယောက်က ထောက်ပြပါတယ်။

“အခုကတော့ ထိခိုက်မှုက ၈၀၊ နောက်ဒီထက်ဆိုးတာတွေ သူတို့က လုပ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ နယ်မြေတွေ ဆုံးရှုံးလာလေ၊ သူတို့နိုင်တာ နောက်ဆုံးတခုက မနိုင်၊ နိုင်ရာ လုပ်တာ အဲဒီလိုမျိုး ပြောလို့ရတယ်။ သူတို့ ဘာလုပ်နိုင်လဲ၊ သူတို့ ဘာမှမလုပ်နိုင်ဘူး၊ မြေပြင်စစ်ကြောင်းတွေ ရှုံးတယ်။ ဘာလုပ်ဆို လေကြောင်းဗုံးကြဲနိုင်တယ်၊ ဗုံးကြဲနိုင်ရင် ဗုံးကြဲတယ်။ အဲဒီမှာမှ ပစ်မှတ် ရွေးချယ်တာပေါ့နော် PDF ပစ်မှတ်တွေ ဟုတ်တာ၊ မဟုတ်တာ သူတို့ မသိတော့ဘူး။ အဲလိုမျိုးပေါ့ သိလည်း မသိချင်ယောင်ဆောင်ပြီး ဒါဟာ စစ်ရေးပစ်မှတ်ဆိုပြီးတော့ အဲဒီလိုမျိုး ကြဲတဲ့ပုံစံပါ။”

တော်လှန်ရေးအင်အားစုတွေ လေယာဉ်ကို ပြန်မပစ်နိုင်တာကြောင့် ထိန်းချုပ်နယ်မြေမှာ နေထိုင်သူတွေကို ရန်သူလို့ သတ်မှတ်ပြီး ဖိအားပေးဗုံးကြဲနေတာလို့ သူက ဆက်ပြောပါတယ်။  

ကရင်နီပြည်နယ်ထဲ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မော်ချီးကို ဗုံးကြဲတာဖြစ်နိုင်သလို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ဆွေးနွေးပွဲရှိတာကြောင့် မိုးကုတ်မြို့ကို ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ လေတပ် CDM က သုံးသပ်ပါတယ်။

ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ အာဏာသိမ်းစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ် ထိရောက်စွာ အရေးယူနိုင်ဖို့ တိုက်တွန်းကြောင်း IEC က ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013