
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက သင်းမကျေးရွာကို စစ်တပ်စစ်ကြောင်းက သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေအလုံး ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့သလို ဘောင့်ဘင်ကျေးရွာကိုလည်း ဆက်လက်မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထောက်လှမ်းရေးမှူးက “ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းက သင်းမရွာကအိမ်တွေကိုမီးရှို့သွားပြီး သင်းမနဲ့ ၂ မိုင်လောက်ဝေးတဲ့ ဘောင့်ဘင်ရွာဘက်ကို နောက်ရင်းပြန်ဆုတ်သွားကြတယ်။ သင်းမရွာထဲကို စစ်ကြောင်း စဝင်လာတဲ့ရက်က တကြိမ်၊ အခုတကြိမ်ရယ်ဆို ကနဦး သိရတဲ့စာရင်းအရ အိမ်အလုံး ၄၀ လောက် မီးရှို့ခံထားရတယ်။ ညနေ ၃ နာရီလောက်ကစပြီးတော့လည်း ဘောင့်ဘင်ရွာကို မီးဆက်ရှို့နေပြန်တယ်။ အဲဒီက မီးလောင်ပျက်စီးတဲ့ အရေအတွက်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ ပခုက္ကူမြို့အခြေစိုက်တပ်မ ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကနေ အင်အား ၈၀၀ လောက်နဲ့ ပေါက်မြို့နယ်ထဲကတဆင့် စစ်ကြောင်းထိုးလာပြီး လမ်းတလျှောက်က အပြစ်မဲ့ပြည်သူ ၃၀ လောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးတော့ ပြည်သူတွေရဲ့ အိမ်အလုံးရေ ၁၀၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသလို မြိုင်မြို့နယ်ထဲက သင်းမကျေးရွာထဲကို ဇူလိုင် ၂၁ ရက်နေ့က ဝင်ရောက်တပ်စွဲပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့လည်း ဆိုပါတယ်။
သင်းမကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီးနောက် ဇူလိုင် ၂၂ ရက်ကစလို့ ဇူလိုင် ၃၁ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ၁၀ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းပစ်ကူ အကြိမ် ၂၀၀ နီးပါးမှာ ဗုံးအလုံးရေ ၄၀၀ ကျော် ကြဲချခဲ့တယ်လို့လည်း ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း (Myaing Villages Revolution Front) ရဲ့သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ရက်သတ္တ ၂ ပတ်နီးပါး စစ်ကောင်စီတပ်စွဲထားတဲ့ သင်းမရွာထဲကို သူတို့ထွက်သွားပြီးတော့ ကွင်းဆင်းပြီး နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အခါမှာ ပြည်သူပိုင်ပစ္စည်းတွေကို စိတ်ကြိုက်သုံးစွဲထားပြီး ယူဆောင်သွားတာတွေရှိသလို အိမ်အလုံး ၄၀ လောက် မီးလောင်ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ လေကြောင်းအလွန်အကျွံ ပစ်ကူတွေကြားကနေ ကျနော်တို့ဘက်ကအဖွဲ့တွေ စုပေါင်းပြီး အဆက်မပြတ် ဖိအားပေးတိုက်ခိုက်တဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး သင်းမရွာထဲကနေ ဒီကနေ့ (သြဂုတ် ၁ ရက်နေ့) မနက်မှာ ဘောင့်ဘင်ရွာဘက်ကို ရိက္ခာတင်ကားတွေနဲ့ ထွက်ပြေးသွားပါပြီ။ ဘောင့်ဘင်ရွာ အရှေ့ဇရပ်နားမှာလည်း ရှေ့ပြေးတဖွဲ့ရှိနေတယ်။ ဒါပေမဲ့လည်း ကျနော်တို့ဘက်ကတော့ လေကြောင်းအန္တရာယ်တွေကြားကနေ လိုက်တိုက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်တပ်စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ လက်ယက်မရေနံမြေနဲ့ ၅ မိုင်ဝန်းကျင်သာ ကွာဝေးတယ်လို့လည်း ဆိုပါတယ်။
Photo : ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း










