
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကုန်တင်ကား ၂ စီး တိုက်မှုဖြစ်ပွားပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မိုင်တိုင်အမှတ် ၄၀/၀ နဲ့ ၄၀/၁ ကြားမှာ ဩဂုတ် ၁၇ ရက် မနက် ၂ နာရီကျော်လောက်က ယာဉ်တိုက်မှုဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသားတယောက်နဲ့ ကုန်ကားတစီးက ယာဉ်မောင်းအမျိုးသားတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မြေပြင်ကူညီပေးသူတယောက်က “သေဆုံးတဲ့ ၂ ယောက်က အမျိုးသားတွေချည်ပဲ။ လမ်းဘေးကွေ့တဲ့ ရှေ့ကားကို အနောက်ကားက ဝင်တိုက်လိုက်တာ။ လမ်းဘေးက လူတယောက်ကို ထပ်တိုက်မိပြီး လမ်းဘေးက လူနဲ့ ကုန်ကားဆရာတယောက် သေဆုံးတာ။ သေဆုံးသူတွေရဲ့ မိသားစုနဲ့ သက်ဆိုင်ရာက ဆက်သွယ်ထားပါပြီ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက် ၃၅ နှစ်အရွယ် ၂ ယောက် သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် ကုန်ကားတစီးထဲက တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဖြစ်စဥ်ကို သိရှိသူတယောက်က “ကားတွေလည်း ခေါင်းပိုင်းတွေ ပျက်စီးမှုများတယ်။ ကုန်တင်ကားတွေပါ။ အခုယာဥ်တိုက်မှု ဖြစ်တဲ့နေရာက ဖြစ်တော့ ဖြစ်ခဲတယ်။ ဘာဖြစ်ဖြစ် ယာဥ်မောင်းတွေအနေနဲ့ အမြန်လမ်းမှာ သတိနဲ့ မောင်းစေချင်တယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ပဲခူးတိုင်း၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးကို မီးသတ်ဦးစီးဌာနကဦးဆောင်ပြီး ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၉/၃-၄ ဖာ လုံကြားမှာ ယာဉ်တိုက်မှုဖြစ်တာကြောင့် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။










