
ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ ရုန်းကန်နေရပြီး ရာဇဝင်သမိုင်းမှာလည်း ရုရှားစစ်တပ်ကို တိုက်ခိုက်ရာမှာ အနိုင်ယူနိုင်တယ်လို့ ပြသနေကြောင်း ပိုလန်သမ္မတ ကာရိုလ်နောရော့စ်ကီက ဩဂုတ် ၁၅ ရက်မှာ ကျရောက်တဲ့ ပိုလန်တပ်နီတွေကို အနိုင်ယူခဲ့တဲ့ ၁၀၅ နှစ်မြောက် နှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောပါတယ်။
ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးဖို့အတွက် အမေရိကန်သမ္မတဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံတဲ့ အလာစကာ ထိပ်သီးဆွေးနွေးပွဲကို ကမ္ဘာက အာရုံစိုက်နေချိန်မှာပဲ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ မာဂါ လှုပ်ရှားမှုအဖွဲ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ပိုလန်သမ္မတ ကာရိုလ် နောရော့စ်ကီ က ပြောဆိုခဲ့တာပါ။
ဒီစစ်ရေးပြချီတက်ပွဲဟာ ဝါဆောတိုက်ပွဲ ၁၀၅ နှစ်မြောက် အထိမ်းအမှတ် ဖြစ်ပြီး အဲဒီအချိန်တုန်းက ပိုလန်ဟာ ကျူးကျော်လာတဲ့ တပ်နီတွေကို အနိုင်ယူပြီး အနောက်ဥရောပဆီ ထိုးဝင်လာနေတဲ့ ဆိုဗီယက်တပ်တွေကို တားဆီးခဲ့တာပါ။
သမ္မတ နောရော့စ်ကီးက “ဒီကနေ့နဲ့ ဒီနေ့ခေတ် အင်ပါယာလက်သစ် ရုရှားနဲ့ အမြဲတမ်း ရုရှားတို့ဟာ အရင်ဆိုဗီယက်နိုင်ငံနဲ့ သိပ်ကွာခြားနေတာ မရှိဘူး။ ဒါပေမဲ့ ရုရှားကို အနိုင်မရနိုင်ဘူးလို့ မဆိုနိုင်ဘူး။ ရုရှားဟာ ၂၀ ရာစုအစမှာ ဂျပန်ကို ရှုံးတယ်၊ ၁၉၂၀ မှာ ပိုလန်တွေကို ရှုံးခဲ့တယ်။ ဒီနေ့မှာလည်း ၃ နှစ်ကျော်လာပြီ။ ယူကရိန်းကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ မဟာမိတ်တွေနဲ့ လွတ်လပ်တဲ့ နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုတွေကြောင့် အထူးသဖြင့် ပိုလန်နိုင်ငံလည်း အပါအဝင်ဖြစ်တာကြောင့် အခုတော့ ရုရှား တုန်လှုပ်နေရပြီ”လို့ စစ်ရေးပြပွဲမှာ မိန့်ခွန်းပြောသွားပါတယ်။
စစ်ရေးပြပွဲ အခမ်းအနားမှာ F-16 ဂျက်တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် အစီး ၅၀ လောက်ဟာ ခေါင်းပေါ်မှ ပျံဝဲနေပြီး ဗစ္စတူလာ မြစ်ဘေးတလျှောက်မှာ နေတိုး မဟာမိတ်နိုင်ငံတွေက တပ်ဖွဲ့ဝင် ၂၀၀ နဲ့အတူ ပိုလန်စစ်သား ၄၀၀၀ လောက် ချီတက်လာတာဖြစ်ပြီး လဲပါ့ဒ် တင့်ကားတွေ၊ K2 တင့်ကားတွေနဲ့ အဘ်ဘရမ်စ် တင့်ကားတွေ၊ ဘော်ဆွတ်ခ်နဲ့ ရိုဆိုမက် သံချပ်ကာ ယာဉ်တွေအပြင် ပက်ထရီယော့နဲ့ ဟိုင်းမားစ် အမြောက်စနစ် တွေလည်း ပါဝင်ပါတယ်။
ဘောလ်တစ်ပင်လယ်ပြင်မှာလည်း သင်္ဘောအစင်း ၂၀ ပါဝင်တဲ့ ရေတပ်ချီတက်ပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ဝါဆောနဲ့ မော်စကိုကြား တင်းမာနေတဲ့ ဆက်ဆံရေးဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်လာပြီးနောက်မှာ အနိမ့်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။
ကိယက်ဗ်အတွက် အကူအညီပေးရေး ဗဟိုအချက်အချာအဖြစ် ပိုလန်နိုင်ငံက ရပ်တည်ခဲ့တာ ကြောင့် ရုရှားနိုင်ငံက ဖျက်လိုဖျက်ဆီး လုပ်မှုတွေ၊ ဆိုက်ဘာတိုက်ခိုက်ခြင်းနဲ့ သတင်းမှားတွေ အတွက် အာရုံစိုက်ခံရတဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတယ်လို့လည်း နေတိုးအဖွဲ့ဝင် ပိုလန်က ပြောပါတယ်။
နိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ရာခိုင်နှုန်းအရ NATO အဖွဲ့ကို ကာကွယ်ရေးအသုံးစရိတ် ထည့်ဝင်မှု အများဆုံးနဲ့ ဦးဆောင်နေတဲ့ ပိုလန်ဟာ ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ ကျူးကျော် ဝင်ရောက်ပြီးကတည်းက သူ့ရဲ့စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့တာပါ။
ပိုလန်ဟာ ၂၀၂၆ ခုနှစ်မှာ ဂျီဒီပီ ရဲ့ ၅ ရာခိုင်နှုန်းကို သုံးစွဲဖို့ စီစဉ်ထားပြီး အရှေ့အရပ်မှ ရုရှားရဲ့ အန္တရာယ်ကို တွန်းလှန်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Source:Reuters











