DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ယောဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ
DVB
·
August 17, 2026
Photo: ယောအလင်းတန်း ၊ ဂန့်ဂေါခရိုင်စစ်ဌာန
Photo: ယောအလင်းတန်း ၊ ဂန့်ဂေါခရိုင်စစ်ဌာန
Donate to DVB

မကွေးတိုင်း၊ ယောဒေသကို စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် သြဂုတ် ၁၅ ရက်မှာ အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆောမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်လာတဲ့ တပ်မ ၉၉ လက်အောက်ခံ စစ်တပ် လက်အောက်ခံတွေကလည်း သြဂုတ် ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ သီးကုန်းကျေးရွာအနီးက စစ်ဘေး​ရှောင်တောတိုက်ထဲကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့ပါတယ်။

ဗုံးစထိမှန်တာကြောင့် စစ်ဘေးရှောင်တွေ ဖြစ်ကြတဲ့ အသက် ၆၆ နှစ်အရွယ် ဒေါ်မြ၀င်း၊ အသက် ၅၀ အရွယ် ဦးနန်းမြိုင်နဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ဌေးဌေး တို့ဟာ နေရာမှာတင် သေဆုံးသွားခဲ့ကြသလို ပြည်သူ ၁ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူ မင်းဒဿက “အခုနှစ် မေလ စတုတ္ထပတ်ကနေ စပြီးတော့ ဒီသြဂုတ်လ တတိယပတ်ထဲအထိ ယောဒေသမှာရှိကြတဲ့ ဆောနဲ့ လောင်းရှည် တိုက်နယ်ကြား၊ ကျောက်ထုတိုက်နယ်နဲ့ ရွှေအောင်သာကြား၊ ကျောက်ထု-ထီးလင်းမြို့နယ် ကြားနေရာတွေကို ဗုံးကြဲလေ​ယာဥ်တွေနဲ့ ဂျက်ဖိုက်တာတွေအပြင် ဒရုန်းတွေနဲ့ပါ နေ့တိုင်းလောက်နီးပါး ဗုံးကြဲနေလို့ ပြည်သူ ထိခိုက်သေဆုံးနေကြရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာလည်း စစ်အာဏာရှင်တပ်ဘက်က ဒရုန်းအပါအဝင် ဂျက်တိုက်လေယာဉ်တွေနဲ့ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၂ ယောက် သေဆုံးခဲ့ပါတယ်။

စစ်အာဏာရှင်တပ်ဟာ ဆောမြို့နယ်ထဲကို သြဂုတ် ၁၅ ရက် ည ၁၂ နာရီဝန်းကျင်ကစပြီး Y12 ဘက်စုံသုံး ဗုံးကြဲလေယာဥ်နဲ့ ကြာချိန် ၁ နာရီကျော်ကြာလှည့်ပတ်ပျံသန်းကာ ဗုံးအလုံး ၅၀ နီးပါးကြဲချခဲ့ပါတယ်။

သြဂုတ် ၁၆ ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံး ၁ လုံးကြချခဲ့ကာ ညပိုင်းမှာလည်း Y12 ဘက်စုံသုံးလေယာဥ်နဲ့ ဗုံးအလုံးရေ ၅၆ လုံးထက်မနည်းကြဲချသွားခဲ့ပြီး ကျောက်ထုနဲ့ ထီးလင်းမြို့နယ်တောင်ပိုင်းကို ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချသွားသလို Y12 လေယာဉ်နဲ့ပါ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ ယောနယ်က ဆော၊ ကျောက်ထု၊ ထီးလင်းနယ်ဘက်တွေမှာ လမ်းပိုင်းတွေ စိုးမိုးမှုယူပြီး ချင်းပြည်နယ်ဘက်ကို စစ်ကူသွားမဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေမှာ စစ်တပ်ဘက်က အတော်လေး အထိနာပြီး ဆက်မတိုးနိုင်ဘူး။ လ​က်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်ဆိုတာ သက်ဆိုင်ရာအဖွဲ့တွေဘက်က သတင်းထုတ်ပြန်လို့ရသလောက် သတင်းထုတ်ပြန်ပေးထားပြီးလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေကတော့ အခုထိ ဆက်ဖြစ်နေတဲ့နေရာတွေရှိနေတုန်းပါပဲ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ အထိနာပြီး အသေအပျောက်များနေတဲ့ မြေပြင်စစ်ကြောင်းတွေကို ကာကွယ်ဖို့ ကျေးရွာတွေအပါအဝင် ဘာသာရေးအဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုပါ မရှောင် လေကြောင်းတိုက်ခိုက်နေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို ပေါ့ပေါ့ဆဆမနေကြဖို့လည်း သူကဆက်ပြောပါတယ်။

ဇူလိုင် ၂၉ ရက်ကနေ သြဂုတ် ၁ ရက်အထိ ဆောမြို့နယ်ထဲကနေ လောင်းရှည်ဘက်ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြလို့ စစ်တပ်လက်အောက်ခံ အများအပြား ထိခိုက် သေဆုံးကာ ခမရ ၅၇၃ က တပ်သားသစ် (ပစ) နေမင်းထွန်း ကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် အလင်းဝင်ရောက်လာကြသူ​တွေလည်း ရှိကာ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၃ ခု၊ နင်းမိုင်း ၄ လုံး၊ RPG7 အဖူး ၁၅ ဖူး၊ ၄၀ မမ အသီး ၁၅ လုံး၊ ဖုန်း ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်စစ်ဌာနက သြဂုတ် ၁၅ ရက်မှာ   ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013