
ကမ္ဘာတဝန်းက အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ၁၆ ရာစု မာကေတာ ကမ္ဘာ့မြေပုံအစား အာဖရိကတိုက်ရဲ့ အရွယ်အစားမှန်ကို ပိုတိတိကျကျ ဖော်ပြတဲ့ မြေပုံကို ပြောင်းလဲသုံးစွဲဖို့ နှိုးဆော်တဲ့ လှုပ်ရှားမှုကို အာဖရိကသမဂ္ဂကပါ ထောက်ခံလိုက်ပါတယ်။
ရေကြောင်းသွားလာမှုအတွက် မြေပုံဆွဲပညာရှင် ဂျရေးဒပ်စ်မာကေတာ ပုံဖော်ရေးဆွဲခဲ့တဲ့ မြေပုံဟာ တိုက်ကြီးတွေရဲ့ အရွယ်အစားကို အမှန်အတိုင်း မဖော်ပြနိုင်ခဲ့ပါဘူး။ အီကွေတာကနေ ဝေးလေးလေ မြေပုံမှာ ပိုကြီးကြီး ပါလေလေ ဖြစ်သွားပါတယ်။
ဥပမာအားဖြင့် အာဖရိကတိုက်နဲ့ ဂရင်းလန်ကျွန်းဟာ မာကေတာ ကမ္ဘာ့မြေပုံမှာ အရွယ်အစား တူနေပါတယ်။ တကယ်တမ်းမှာတော့ အာဖရိကတိုက်က ဂရင်းလန်ထက် ၁၄ ဆ ပိုကြီးပါတယ်။
အလားတူပဲ ကနေဒါ၊ ရုရှား၊ မြောက်အမေရိကတို့က အမှန်တကယ်ရှိတာထက် ပိုကြီးနေပြီးတော့ တောင်အမေရိကတိုက်နဲ့ အာဖရိကတိုက်က သေးငယ်နေပါတယ်။
အာဖရိကတိုက်ဟာ ကမ္ဘာမှာ ဒုတိယအကြီးဆုံးတိုက်ဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံ၊ လူပေါင်း သန်း ၁,၀၀၀ ကျော် နေထိုင်ရာအရပ် ဖြစ်ပေမဲ့ မာကေတာမြေပုံမှာတော့ “မဖြစ်စလောက်” လေးပဲ ပါတယ်လို့ အာဖရိကသမဂ္ဂကော်မရှင် ဒုတိယသဘာပတိ ဆယ်လ်မာ မာလီကာ ဟက်ဒါဒီက ပြောပါတယ်။
ဒီလိုမျိုးပုံသွင်းတာဟာ မီဒီယာတွေ၊ ပညာရေးနဲ့ မူဝါဒချမှတ်မှုတွေ အပေါ်ပါ သက်ရောက်မှု ရှိတယ်လို့လည်း သုံးသပ်ပါတယ်။
အာဖရိကသမဂ္ဂဟာ Speak Up Africa အဖွဲ့ရဲ့ လှုပ်ရှားမှုကို ထောက်ခံပြီးတော့ အကောင်အထည်ဖော်ဖို့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မာကေတာမြေပုံကို လက်ရှိအချိန်အထိ ကမ္ဘာတဝန်းက ကျောင်းတွေသာမက နည်းပညာ ကုမ္ပဏီတွေပါ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါတယ်။
Google Maps on desktop မှာ ၂၀၁၈ မှာမှ မာကေတာမြေပုံကနေ ကမ္ဘာလုံးပုံ ပြောင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သုံးသူက အဲဒီမြေပုံပဲ ပြန်ပြောင်းသုံးချင်လည်း သုံးလို့ရနေပါတယ်။ ဒါပေမဲ့ မိုဘိုင်း အက်ပလီကေးရှင်းမှာတော့ မာကေတာမြေပုံနဲ့ပဲ စပြတာဖြစ်ပါတယ်။
Source: Reuters











