DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က ကလေးသူငယ်ပါမချန် အစုလိုက်အပြုံလိုက် သတ်နေဟု အမေရိကန် ထုတ်ပြန်
DVB
·
August 14, 2025
မြန်မာစစ်တပ်က ကလေးသူငယ်ပါမချန် အစုလိုက်အပြုံလိုက် သတ်နေဟု အမေရိကန် ထုတ်ပြန်
Donate to DVB

မြန်မာစစ်တပ်ဟာ ကလေးသူငယ်ပါမချန် အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတယ်လို့ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို ဩဂုတ် ၁၃ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။

စာမျက်နှာ ၂၆ မျက်နှာ ပါဝင်တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု၊ ကလေးသူငယ်ပါမချန် အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှု၊ အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ အပါအဝင် ရာဇဝတ်မှုတွေကို အချက်အလက်တွေနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာ့နိုင်ငံတခုချင်းစီနဲ့ သက်ဆိုင်ဆက်စပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွေကို နှစ်စဉ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် အစီရင်ခံစာကတော့ အရင်နှစ်တွေကထက် ၆ လနီးပါး နောက်ကျပြီးမှ ထွက်ပေါ်လာခဲ့တာပါ။

လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M မှ ဂျိမ်းစ်ရွှေက “စကစရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အကုန်လုံး၊ သတ်တာ၊ ဖြတ်တာ၊ ဗုံးကြဲတာ၊ ထောင်ထဲမှာ လူတွေကိုညှဉ်းဆဲတာ၊ ကလေးသူငယ်မကျန် သတ်တာ၊ အဲဒါမျိုးတွေအကုန် တန်းစီပြီးတော့ ထည့်ရေးထားတာလေ။ ထည့်ရေးထားတော့ အမှန်တရားကို သူတို့လော်ဘီတွေ ဘယ်နှသန်းပေးဝယ်ဝယ် ဖုံးလို့မရဘူးနဲ့ တူတယ်နော်။ ဟိုတနေ့ကလည်း ရွေးကောက်ပွဲတွေ မှန်ကန်မှုကို စောင့်ကြည့်တဲ့ IDEA က သူတို့တွေကလည်း US အစိုးရတို့ နိုင်ငံတကာအစိုးရတွေက ဘာတွေလုပ်သင့်လဲဆိုတာ အဲဒါတွေ ရေးထားတာလည်း ရှိတယ်လေ။ အဲဒီလိုနေရာမျိုးကျရင်တော့ ဒီလိုအစီရင်ခံစာမျိုးက အသုံးချလို့ရတာပေါ့။ မှန်၏ မမှန်၏ပေါ့ဗျာ၊ အချက်အလက် စစ်ချက်ပေါ့။ အဲဒါကို သေချာစိစစ်ပြီးတော့မှ ထည့်တာပေါ့လေ။ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို ကိုယ်တိုင် စိစစ်ပြီး လက်မှတ်ထိုးပြီး ထုတ်တဲ့ကိစ္စဆိုတော့ သူတို့ မဟုတ်ဘူး မမှန်ဘူးတော့ ငြင်းလို့ခက်တာပေါ့နော်။ အဲဒီတော့ ဆင်သေကိုတော့ ဆိတ်သားရေနဲ့ ဖုံးလို့မရဘူး” လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြချက်တွေဟာ သက်သေမှန် အကြောင်းအရာတွေအဖြစ် ကမ္ဘာ့နိုင်ငံတွေအကြား အတည်ပြု တင်ပြထုတ်ပြန်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွေဟာ မှတ်တမ်းအဖြစ် အရေးပါသလို ဝန်ကြီးဌာနရဲ့ ရှေ့ဆက် မူဝါဒ တည်ဆောက်ရေးမှာလည်း အခြေခံအချက်တွေ ဖြစ်လာမှာပါ။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေဘက်ကနေ ပိုပြီး ခိုင်ခိုင်မာမာ ရပ်တည်လာဖို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူတွေက မျှော်မှန်းနေကြတာပါ။

အခုအစီရင်ခံစာ အပါအဝင် မြန်မာ့ရေးရာတွေနဲ့ ပတ်သက်ပြီး အချက်အလက်မှန်တွေ ပိုရအောင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်ဆီကို စာပေးပို့ အသိပေး အကြောင်းကြားတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူ ဦးဇော်ဝင်းက “စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေပေါ့နော်၊ လူသားဆိုင်ရာ ရပ်တည်မှုတောင် မရလောက်အောင် အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာတွေ၊ လေယာဉ်ပျံတွေနဲ့ နေ့စဉ် အခုဆို အကြိမ် ၇,၀၀၀၊ ၈,၀၀၀ လောက် ဗုံးကြဲနေတာတွေ။ ၃ သန်းလောက် လူတွေ ပြေးနေရတယ်။ အိမ်တွေ အလုံး ၂ သိန်း၊ ၃ သိန်းလောက် မီးရှို့ပစ်နေတာတွေက နေ့စဉ်လုပ်နေတာ၊ တခါမှမရပ်ဘူး။ လက်နက်မဲ့လူထုကို အရမ်းကို ဖိနှိပ်နေတာ။ ဒါကို အမေရိကန်ဘက်မှာ လာပြောနေတာက သာမန်လိုဖြစ်အောင် လုပ်တာပေါ့။ တိုင်းပြည်ကို မငြိမ်းချမ်းအောင်လုပ်လို့ သူတို့က နှိမ်နင်းနေရတယ်ဆိုတဲ့ သဘောမျိုး သာမန်လိုဖြစ်အောင် လုပ်လိုက်တာပေါ့။ DCI ကို ပိုက်ဆံပေးပြီး ငှားတာပဲဗျ လော်ဘီလုပ်တာ။ အမေရိကန်အစိုးရကို ကျနော်တို့ပြောတာက စေ့စပ်ရေးလုပ်မယ်ဆိုရင် သွေးစွန်းနေတဲ့ ရာဇဝတ်ကောင်တွေနဲ့ လုပ်မှာလား၊ အဲဒါပဲ သူတို့ကို ကျနော်တို့ပေးချင်တဲ့ သတင်းစကားက။ နောက်ပြီးတော့ တနိုင်ငံနဲ့တနိုင်ငံ ဝင်မစွက်ဖို့ဆိုတာက တရုတ်က ဝင်စွက်နေတယ်။ ဒါတွေကိုလည်း ကျနော်တို့က အမေရိကန်ကို သတိပေးတယ်။ စစ်တပ်က ကြီးစိုးမယ်ဆိုတဲ့ သူတို့ အာဏာစက်ကွင်း အပြည့်အဝ မရမချင်း ရွေးကောက်ပွဲတွေက သူတို့စိတ်ကြိုက် ခဏခဏလုပ်နေမှာ၊ အဲဒီလိုလုပ်လိုက် လူသတ်လိုက် ဖြစ်နေတာကို ဒီလူသတ်နေတဲ့စစ်အုပ်စုနဲ့ လူသတ်ခံရတဲ့ ပြည်သူလူထုကို အတင်း ငြိမ်းချမ်းရေးလုပ်ခိုင်းလို့ မရဘူးဗျ။ မနက်ဖမ်းသွား ညနေ အလောင်းပြန်ပို့ ဆိုတဲ့လူတွေကို ဘယ်လိုငြိမ်းချမ်းရေးနဲ့မှ မရဘူး။ အဲဒီတော့ ကျနော်တို့က တိုင်းပြည်ရဲ့အခြေအနေ လူထုရဲ့အခြေအနေကို သူတို့နားလည်အောင် ကျနော်တို့တော့ စာတွေပို့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ဆက်တိုက်ဆိုသလို နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ပြန်နေတာပါ။

ဩဂုတ် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှစ်ပတ်လည် အစီရင်ခံစာမှာလည်း စစ်ကောင်စီဟာ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း ဖော်ပြပါတယ်။ 

စစ်ကောင်စီ တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးတွေနဲ့ ရာဇဝတ်ခုံရုံးတွေက အရေးယူနိုင်ဖို့ သက်သေအထောက်အထားတွေကို ရရှိထားပြီလို့လည်း IIMM အစီအရင်ခံစာမှာ ဖော်ပြပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013