DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်ဈေးမတည်ငြိမ်မှု ဆင်းရဲနွမ်းပါးမှုပိုမိုကြီးထွားစေဟု ကမ္ဘာ့ဘဏ်သတိပေး
DVB
·
November 25, 2014
မြန်မာ့ဆန်ဈေးမတည်ငြိမ်မှု ဆင်းရဲနွမ်းပါးမှုပိုမိုကြီးထွားစေဟု ကမ္ဘာ့ဘဏ်သတိပေး
Donate to DVB

ပြည်ပကိုဆန်တင်ပို့တဲ့ အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဆန်ဈေးနှုန်းမတည်ငြိမ်မှု အမြင့်ဆုံးဖြစ်နေတာကြောင့် တောင်သူလယ်သမားတွေ အကျိုးအမြတ် အပြည့်အ၀မရတဲ့အပြင် အိမ်ထောင်စုတွေကိုလည်း ဆင်းရဲနွမ်းပါးမှုဖြစ်စေတယ်လို့ ကမ္ဘာ့ဘဏ်က သတိပေး လိုက်ပါတယ်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတဲ့ မြန်မာ့ဆန်ဈေးအတက်အကျ မြန်ဆန်နေမှုနဲ့ ဆင်းရဲမွဲတေမှု လျော့ချရေး အစီရင်ခံစာမှာ မြန်မာ့ဆန်ဈေးဟာ ၂၀၀၉ မှ ၂၀၁၃ ခုနှစ်အတွင်း ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဒါဟာ အိမ်နီးချင်း ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေထက် အတော်လေးမြင့်တဲ့နှုန်းလို့ ဆိုထားပါတယ်။

[caption id="attachment_71952" align="alignright" width="386"]ဓာတ်ပုံ - World Bank ဓာတ်ပုံ - World Bank[/caption]

မြန်မာ့ဆန်ဈေး မငြိမ်ရတဲ့အဓိက အကြောင်းအရင်းတွေကတော့ နိုဝင်ဘာနဲ့ ဒီဇင်ဘာ နှစ်လအတွင်း စပါးတွေ အလုံးအရင်းနဲ့ ထွက်ရှိတာ၊ ဆန်စပါးသိုလှောင်စရိတ်မြင့်မားတာ၊ လမ်းပန်းနဲ့ တယ်လီဖုန်း ဆက်သွယ်ရေး အားနည်းတာ၊ ဈေးကွက်သတင်းအချက်အလက် ယုံကြည်စိတ်ချရမှုမရှိတာ စတဲ့ အကြောင်းရင်းတွေကြောင့်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းရဲ့ တွဲဖက် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြည်တွင်းမှာ ဆန်စပါးဈေနှုန်းတည်ငြိမ်အောင် ထိန်းကျောင်းလုပ်ဆောင်နေမှုတွေနဲ့ပတ်သက်ပြီး “ကျနော်တို့ လက်ရှိအနေအထားလုပ်နေတာတော့ ဆန်စပါးအသင်းချုပ်က နိုင်ငံတော် အရန်ဆန်ဆိုပြီး ဆန်ဝယ်ပေးတာရှိတယ်။ ကျနော်တို့ ပိုက်ဆံ ၃ဒသမ ၅ဘီလျံရယ် ၊အစိုးရက ၁၀ ဘီလျံချေးတယ်၊ သမ၀ါယမက ၁ ဘီလျံချေးတယ်၊ စုစုပေါင်း ၁၄ဒသမ ၅ ဘီလျံနဲ့ ဆန်ထွက်တဲ့အချိန်မှာ ဆန်ဈေးကျရင် ၀ယ်ပေးတယ်။ သြဂုတ်လလောက် ဆန်မထွက်တဲ့အချိန် ဈေးနှုန်းတက်နေချိန်မှာ သက်သာတဲ့ဈေးနှုန်းနဲ့ ပြန်ရောင်းပေးတယ် လက်ရှိလုပ်ပေးနေတဲ့ အစီအစဉ်ပါ”လို့ ပြောပါတယ်။

မျိုးကောင်းမျိုးသန့်မစိုက်နိုင်တာ၊ သယ်ယူပို့ဆောင် စရိတ်ကြီးမြင့်နေတာ၊ ရိတ်သိမ်း လွန်နည်းပညာအားနည်းပြီး အလေအလွင့်များနေတာတွေကြောင့် လယ်သမားတွေ ဟာ စပါးစိုက်ပေမယ့် အကျိုးမရဖြစ်နေတယ်လို့လည်း ဒေါက်တာစိုးထွန်းကပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗဗဒူလာရေကတော့ “ကျေးလက် ဒေသနေ လူဦးရေအများစုဟာ သူတို့ ၀င်ငွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်လောက်ကို စားရေးအတွက် ကုန်ကျနေရတယ်။ ဆန်ဈေးနှုန်း ခဏလောက်တက်ခဲ့ရင်တောင် ဒါဟာ သူတို့ရဲ့ အမှန်ဝင်ငွေနဲ့ ကျန်းမာရေး၊ ပညာရေး ဒါမှမဟုတ် ပိုမိုအာဟာရပြည့်ဝတဲ့ အစားအစာတွေအတွက် အိမ်ထောင်စုတွေရဲ့ အသုံးစရိတ်တွေကို လျော့နည်းသွား စေတယ်။ တကယ်တော့ ဆန်ဈေးနှုန်းမတည်ငြိမ်မှုဟာ မြန်မာနိုင်ငံက လူတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်”လို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာပြောပါတယ်။

မြန်မာပြည်မှာ ဆန်ဈေးမတည်ငြိမ်မှုကိုလျော့ချနိုင်ရန် ၁ နှစ်တာလုံး ဆန်စပါးထွက်၇ှိမှု ညီမျှအောင် စိုက်ပျိုး ထုတ်လုပ်ဖို့၊ လမ်းပန်းနဲ့ တယ်လီဖုန်းဆက်သွယ်ရေး အခြေခံ အဆောက်အဦတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကမ္ဘာ့ဘဏ်က အကြံပြုထားပါတယ်။

ကမ္ဘာမှာ လူတဦးချင်းဝင်ငွေ အနိမ့်ကျဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆန်ဈေးနှုန်း အပြောင်းအလဲ များနေတာဟာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပေါ် အဓိက မှီခို အသက်မွေးဝမ်းကျောင်းနေရတဲ့ ပြည်သူ ၅၀ ရာခိုင်နှုန်းနီးပါးကို အကျိုးသက်ရောက်မှုရှိ တယ်လို့လည်း ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြန်မာ့ဆန်ဈေးမတည်ငြိမ်မှု ဆင်းရဲနွမ်းပါးမှုပိုမိုကြီးထွားစေဟု ကမ္ဘာ့ဘဏ်သတိပေး