DVB Logo
Home
မြန်မာသတင်း
ပရိသတ်ထံ တနေ့အရောက်ပြန်လာမည်ဟု အဆိုတော် ကိုမွန်းအောင် ပြော
DVB
·
November 25, 2014
ပရိသတ်ထံ တနေ့အရောက်ပြန်လာမည်ဟု အဆိုတော် ကိုမွန်းအောင် ပြော
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက မြန်မာပြည်ဝင်ခွင့်ဗီဇာကို ငြင်းပယ်လိုက်ပေမယ့် ပရိတ်သတ်တွေထံ တနေ့ အရောက်ပြန်လာမယ်လို့ အဆိုတော် ကိုမွန်းအောင်က ပြောကြားလိုက်ပါတယ်။

moon aung“အခု လောလောဆယ်မှာတော့ ကျနော့်အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာမရတဲ့ အတွက် ပရိတ်သတ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဖျော်ဖြေခွင့်တော့ မရသေးဘူးပေါ့၊ ဒါပေမယ့် ကျနော့ရင်ထဲမှာ မျှော်လင့်ထားတယ်ပေါ့၊ ကျနော် တနေ့ ပြန်လာရမှာပါ၊ ဘယ်အရာမှ ထာဝရ မပြောင်းမလဲ တည်ရှိနေတယ်ဆိုတာ မရှိပါဘူး။ အပြောင်းအလဲဆို တာလည်း လာအုံးမှာပါ”လို့ ကိုမွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်ဝင်ခွင့် ဗီဇာလျောက်ထားရမှာတော့ ဒီစာအုပ်မျိုးကို ဒီနေရာမှာ ဗီဇာ ထုတ်မပေးသလို အထက်က ညွှန်ကြားထားလို့ ဗီဇာမပေးတာ ဖြစ်တယ်လို့နိုဝင်ဘာ ၂၄ ရက်နေ့မှာ မြန်မာသံရုံးက အကြောင်းပြန်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြည်ဝင်ခွင့် ဗီဇာ ရရှိဖို့ နောက်ထပ်ကြိုးစားဖို့အတွက်တော့ လောလောဆယ်မှာ အစီအစဉ် မရှိသေးဘူးလို့ နော်ဝေနိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ ကိုမွန်းအောင်က ပြောပါတယ်။

၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ လွမ်းရတဲ့ ညတွေ လွန်ပါစေဆိုတဲ့ သီချင်းတွေနဲ့ လူသိများကျော်ကြားခဲ့တဲ့ ကိုမွန်းအောင်က ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံအပြီး ထိုင်း-မြန်မာ နယ်စပ်မှာ ကျောင်းသားတပ်မတော်နဲ့အတူ ပါဝင်လှုပ်ရှားခဲ့ကာ နောက်ပိုင်းမှာတော့ နော်ဝေနိုင်ငံမှာ သွားရောက် အခြေချနေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

ပြည်ပရောက်နေစဉ် ကိုမွန်းအောင်ဟာ ငြိမ်းချမ်းရေးတိုက်ပွဲနဲ့ လွတ်မြောက်ရာလမ်း တေးစီးရီးတွေ ဖြန့်ချိခဲ့ပြီး သူ့ရဲ့ သီချင်းတွေဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ တစ်သားထဲ စီးမျောနေခဲ့တာဖြစ်ပါတယ်။

လတ်တလော “ငြိမ်းချမ်းရေး မိုးစက်များ”လို့ အမည်ပေးထားတဲ့ သီချင်း ၁၂ ပုဒ်ပါ သီချင်းခွေတခွေကို ကိုမွန်းအောင်က အသံသွင်းထားပြီးဖြစ်သလို မြန်မာနိုင်ငံမှာ တရားဝင် ဖြန့်နိုင်ဖို့ ကြိုးစားသွားမယ်လို့ကိုမွန်းအောင်က ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံနိုင်ငံကိုသွားရောက်ပြီး ဂီတ ဖျော်ဖြေပွဲတပွဲလုပ်ဆောင်ကာ ဒီပွဲက ရတဲ့ငွေတွေကို ကချင် ဒုက္ခသည်တွေကို ကူညီဖို့ အစီအစဉ်အစဉ်ရှိနေတာလည်းဖြစ်ပါတယ်။

ပရိတ်သတ်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ ဖျော်ဖြေနိုင်မယ်လို့ ထင်မှတ်ထားပေမယ့် ပြည်ဝင်ခွင့်မရ ပရိတ်သတ်နဲ့တွေ့ခွင့်မရလို့ စိတ်မကောင်းဖြစ်မိတယ်လို့ ကိုမွန်းအောင်က ပြောပါတယ်။

ပန်းရဲ့လမ်းအဖွဲ့က ကိုရဲလွင်က မြန်မာပြည်ထဲပေးဝင်ရင်တောင် ကိုမွန်းအောင် လုပ်ချင်တဲ့ ဖျော်ဖြေပွဲတွေကို အာဏာပိုင်တွေက လုပ်ခွင့်ပြုဖို့က သံသယရှိနေတယ်လို့ ပြောပါတယ်။

“နဂိုကတည်းကတော့သူက အကြမ်းဖက်ဖို့ တောထဲရောက်သွားတာ မဟုတ်ပေမယ့် တောထဲ ၀င်သွားတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆိုတဲ့အပိုင်းမှာ သူပါသွားတယ်။ တကယ်တမ်း သူလက် နက်ကိုင်ဖို့ သူ ၀ါသနာမပါဘူး၊ စိတ်မ၀င်စားဘူး။ သူသီချင်းနဲ့ပဲသူလုပ်ချင်တယ်။ တောထဲကို ပါသွားတဲ့ အတွက်ကြောင့် မျက်မုန်းကျိုးခံရတယ်။ နောက်သူ နော်ဝေရောက်တယ်။ သမ္မတ ဦးသိန်းစိန်လာတဲ့အချိန်မှာ သူနော်ဝေမှာ ဆန္ဒပြတယ် ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ စစ်အစိုးရက အသေးစိတ်လေးကို လုံးဝမှတ်ထားတာနော်၊ သူတို့ ဒုက္ခပေးချင်ပေးလို့ ရတယ်ဆိုတဲ့အပိုင်းမှာ ကိုင်ထားတယ်” လို့ ဦးရဲလွင်က ပြောပါတယ်။

ပြည်ပရောက် မြန်မာတွေအနေနဲ့ ရာဇ၀တ်မှု ကျူးလွန်တာ မရှိဘူးဆိုရင် မြန်မာနိုင်ငံကို ပြန်လာဖို့ သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ခဲ့ပေမယ့် ပြည်ဝင်ခွင့် ဗီဇာ ပယ်ချခံရသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013