DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းကြေး အပြိုင်အဆိုင်တိုးကောက်
DVB
·
August 13, 2025
ရန်ကုန်တွင် စစ်မှုထမ်းကြေး အပြိုင်အဆိုင်တိုးကောက်
Donate to DVB

ရန်ကုန်မှာ ပါတီနိုင်ငံရေးနဲ့ မကင်းရှင်းတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ပြီး အသစ်ပြန်ခန့်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး စစ်မှုထမ်းကြေးကို အုပ်ချုပ်ရေးမှူးတွေက အရင်ကထက် ပိုတောင်းလာတယ်လို့  မြို့ခံတွေက ပြောပါတယ်။

စစ်မှုထမ်းအပတ်စဥ် ၁၆ အတွက် မင်္ဂလာဒုံနဲ့ မှော်ဘီမြို့နယ်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားရှိတဲ့ အိမ်တွေမှာ တလကို တသိန်းခွဲပေးရပြီး မရှိတဲ့အိမ်တွေကတော့ တလ ကျပ် ၃၀,၀၀၀ ပေးရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စစ်တပ်နယ်မြေဆိုပေမဲ့ စစ်မှုထမ်းကြေးနဲ့ပတ်သက်ရင် မင်္ဂလာဒုံက အရမ်းတောင်းတာ၊ မှော်ဘီလည်း အတူတူပဲ တသိန်းခွဲ ဈေးဆစ်လို့ မရဘူး။ ထောက်ကြန့်က တခြားမြို့တွေလိုပဲ ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ပဲ တောင်းတာ” လို့ ပြောပါတယ်။

တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဒလမှာတော့ စစ်မှုထမ်းကြေး တအိမ်ထောင်ကို ၃၀,၀၀၀၊ ၅၀,၀၀၀၊ ၁၀၀,၀၀၀ အထိ ပေးနေရပြီး ကျေးရွာတချို့မှာ စုပေါင်းပြီး တလကို ကျပ် သိန်း ၆၀ ကနေ ကျပ် သိန်း ၁၀၀ အထိ ပေးနေရတယ်လို့ တွံတေးမြို့ခံတယောက်က ပြောပါတယ်။

“တွံတေးခရိုင်မှာ ခလရ ၇၀ က ဦးဆောင်ပြီး တောင်းတာ၊ တိုင်လည်းအပိုပဲ၊ တိုင်ရင် ထွေအုပ်က တိုင်စာကို မိတ္တူဆွဲပေးပြီး စစ်တပ်ဆီပို့တာ၊ တချို့ တိုင်ပြီး ထွက်ပြေးနေရတယ်။”

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမှာတော့ ကျူးကျော်နေရာတွေကို အုပ်ချုပ်ရေးမှူးတွေ ပစ်မှတ်ထားကာ လစဥ် တသိန်းမှ တသိန်းခွဲအထိ ကောက်ခံပြီး မပေးနိုင်ရင် နေအိမ်တွေဖျက်ပစ်တဲ့အထိ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရက သြဂုတ် ၁၀ ရက်က ပါတီနိုင်ငံရေးနဲ့ မကင်းရှင်းတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ပြီး အသစ်ပြန်ခန့်မယ်ဆိုတဲ့ ညွှန်ကြားစာထွက်ပြီးနောက် ပိုမိုရဲတင်းလာတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“သြဂုတ် ၂၄ ရက်မှာ အုပ်ချုပ်ရေးမှူးတွေ ချိန်းမှာဆိုတော့ ပြည်ခိုင်ဖြိုးကလာတဲ့ အုပ်ချုပ်ရေးမှူးတွေက အဲဒီက မနားခင် စစ်မှုထမ်းကြေးကို ကောက်နေတာ၊ ပြုတ်သွားရင်တောင် ရသလောက် ယူသွားမယ့်သဘော။”

မြို့နယ်ပေါင်း ၄၅ မြို့နယ်နဲ့ မြို့ ၂၁ မြို့ရှိတဲ့ ရန်ကုန်မှာ ကိုကိုးကျွန်းကလွဲရင် ကျန်မြို့နယ်တွေ အကုန်လုံး စစ်မှုထမ်းကြေး တအိမ်ထောင်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၁၅၀,၀၀၀ အထိ ကောက်နေတာ အခုဆို အပတ်စဥ် ၁၆ အထိ ရှိပါပြီ။

စစ်မှုထမ်းကိစ္စမှာ လူစားထိုး၊ ငွေကြေးတောင်းခံမှုတွေရှိရင် တိုင်ကြားနိုင်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးက ဇူလိုင် ၃ ရက်မှာ ပြောပေမဲ့ အပတ်စဥ် ၁ ကနေ ၁၆ အထိ ရန်ကုန်မှာ ကွမ်းခြံကုန်းမြို့နယ်က တိုက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းကိုသာ အရေးယူနိုင်ခဲ့ပါတယ်။

လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ စတင် သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၇ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013