
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဂေါ်ဒွန်မြို့အရှေ့ဘက် ၂ မိုင်လောက်အကွာမှာ ယူနီယံပစိဖိတ် မီးရထားလိုင်းက ရထားတစင်း သြဂုတ် ၁၂ ရက်က လမ်းချော်သွားခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ရထားလမ်းချော်မှုကြောင့် လောင်စာဆီတွဲတွေအပါအဝင် ရထားတွဲပေါင်း ၃၀ ကျော်လောက် ဆင့်ကဲတိုက်မိကာ စုပုံထပ်သွားခဲ့ပေမဲ့ လောင်စာဆီတွေ ယိုစိမ့်ထွက်ကျမှုတွေ မရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ပါလိုပင်တို ကောင်တီရှိ အရေးပေါ် ကယ်ဆယ်ရေးသမားတွေကတော့ ဒီလမ်းချော်မှုကို လူနဲ့ပတ်ဝန်းကျင်ကို အန္တရာယ် ဖြစ်စေနိုင်တဲ့အခြေအနေ လို့ သတ်မှတ်ထားပြီး ဌာနကနေ ရရှိထားတဲ့ ဗီဒီယိုထဲမှာ လောင်စာဆီ သိုလှောင်ကန်ပါ ရထားတွဲတွေနဲ့ ကွန်တိန်နာတွေ စုပုံနေတာကို မြင်တွေ့ရပါတယ်။
အဲဒီလမ်းချော်မှုကြောင့် မြက်ခင်းငယ်တွေ၊ ချုံပုတ်တွေမှာ အသေးစားမီးလောင်မှု ဖြစ်ခဲ့ပြီး မီးသတ်သမားတွေက မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရထားတွဲတွေမှာ ဘာပစ္စည်းတွေ သယ်ဆောင် လာတယ်ဆိုတာကို ကုမ္ပဏီက ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
ဒါးလပ်စ်မြို့ အနောက်ဖက် ၉၅ မိုင် အကွာရှိ လူဦးရေ ၄၆၀ ရှိတဲ့ ဂေါ်ဒွန်မြို့ရဲ့ အပြင်ဘက် လောက်မှာ လမ်းချော်မှုဖြစ်ခဲ့တာဖြစ်ပြီး အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီမတော်တဆမှုမှာ ဘယ်သူမှ ထိခိုက်မှုမရှိကြောင်းနဲ့ ရထားလမ်းဝန်ထမ်းတွေအားလုံးကိုလည်း စာရင်း ယူထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပြီး အကူအဖွဲ့တွေလည်း လမ်းမှာရောက်နေပြီး တော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။
Source: Reuters











