DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပုဆိုးမှာ တရုတ်သုခမိန် ကျူးကဲ့လျန်နှင့် ဆက်စပ်နေနိုင်ဟု တရုတ်သတင်းဌာန ဖော်ပြ
DVB
·
August 13, 2025
မြန်မာ့ပုဆိုးမှာ တရုတ်သုခမိန် ကျူးကဲ့လျန်နှင့် ဆက်စပ်နေနိုင်ဟု တရုတ်သတင်းဌာန ဖော်ပြ
Donate to DVB

မြန်မာအမျိုးသားတို့ရဲ့ ရိုးရာဝတ်စုံ “ပုဆိုး” ဟာ သုံးပြည်ထောင်ခေတ်က တရုတ်နိုင်ငံပြုသုခမိန်၊ မဟာဗျူဟာပညာရှင်၊ တီထွင်သူ ကျူးကဲ့လျန်နဲ့ ဆက်စပ်နေနိုင်တယ်လို့ တရုတ်သတင်းဌာန China News Service က ခိုင်မာမှုမရှိတဲ့ ဒဏ္ဍာရီတခုကို ကိုးကားပြီးတော့  ဖော်ပြပါတယ်။

သုံးပြည်ထောင်ခေတ်မှာ ရှူနိုင်ငံရဲ့ နန်းရင်းဝန်၊ မဟာဗျူဟာ ပညာရှင်ဖြစ်တဲ့ ကျူးကဲ့လျန်ဟာ အနောက်တောင်နယ်စပ်လုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ပြီးတော့ နယ်စပ်ကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ “တောင်ပိုင်း လူရိုင်းမြေ” က ဒေသခံတွေ ငတ်မွတ်ခေါင်းပါးနေကြပြီး ခန္ဓာကိုယ်လုံအောင်ဖုံးဖို့ အဝတ်တောင် မရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့တွေကတော့ ခါးအထိ ငှက်ပျောဖတ်တွေ ပတ်ထားကြတယ်လို့ ဆိုပါတယ်။

ကျူးကဲ့လျန်က အဝကျယ်တဲ့ သူ့အင်္ကျီလက်တွေကို ဖြတ်ပြီးတော့ ယောက်ျား၊ မိန်းမတွေ ခါးမှာ ဝတ်ဆင်စေတယ်လို့ ဆိုပါတယ်။ အဲဒီလို ဝတ်ထားတာကို ကြည့်ပြီးတော့ ကျူးကဲ့လျန်က “ဘုချိုး” “ဘုချိုး” လို့ မှတ်ချက်ချခဲ့ပါတယ်။ ဒါဟာ တရုတ်စကားနဲ့ “မဆိုးဘူး” လို့ အဓိပ္ပာယ်ရပါတယ်။

ဒါပေမဲ့ ဒေသခံတွေက ဒီအဝတ်ကို ဘုချိုး လို့ခေါ်တယ် ထင်သွားတာကြောင့် အဲဒီလို ခေါ်ဝေါ်ကြရာကနေ ကာလရွေ့လျောပြီး “ပုဆိုး” ဖြစ်လာတယ်ဆိုတဲ့ ဒဏ္ဍာရီကို China News Services က ဖော်ပြတာ ဖြစ်ပါတယ်။

ဒီဒဏ္ဍာရီကို တောင်နဲ့ အရှေ့တောင်အာရှဆိုင်ရာ ယူနန်အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးစင်တာက မြန်မာ့အရေးကျွမ်းကျင်သူ လုံဝေက ပုဆိုးဝတ်ပြရင်း ပြန်ပြောပြတာ ဖြစ်ပါတယ်။

မြန်မာအဘိဓာန်မှာတော့ ပုဆိုး ဆိုတဲ့ စကားဟာ “ပုခြည်” နဲ့ (ခ)ဆီး ဆိုတဲ့ စကားနှစ်လုံးက လာတယ်လို့ ဖော်ပြထားပါတယ်။

ပုခြည်ဆိုတာ ပိုးချည်းပဲ သုံးပြီးတော့  ရက်လုပ်တာကို ဆိုလိုတယ်လို့ ယူဆကြပြီး ခါးဝတ်ကို  “ခဆီး” (ခါးစည်း) လို့ ခေါ်ဝေါ်ခဲ့တဲ့ အထောက်အထားတွေလည်း အထင်အရှား ရှိနေပါတယ်။

ဒါကြောင့် ပုခြည်က  ပု ဆိုတဲ့ နာမ်ပုဒ်နဲ့  ဆီးကနေ ကာလရွေ့လျော အသံပြောင်းပုဒ်ဖြစ်လာတဲ့ ဆိုး ဆိုတဲ့ နာမဝိသေသနနဲ့ ပေါင်းပြီး ပုဆိုးလို့ ခေါ်တာ ဖြစ်နိုင်တယ်လို့ မြန်မာအဘိဓာန်နဲ့ သမိုင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။

စွယ်စုံကျမ်းမှာတော့ ပုဂံခေတ်မှာ အင်္ကျီဆိုတဲ့ ဝေါဟာရအစား တုရင်(ဒုရင်)၊ ဖျင်၊ ဝတ်လုံ အမည်တွေသာ ခေတ်စားခဲ့တယ်၊  ခါးဝတ်အတွက်မှာလည်း ယောက်ျားတွေအဖို့ 'ခဆီး' ဆိုတဲ့ စကားကို ရှေးဦးစွာတွေ့ရပြီးမှ နောက်ပိုင်းမှာ 'ပုဆိုး'အသုံးပေါ်လာတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013