DVB Logo
Home
မြန်မာသတင်း
ရခိုင်တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၉၀၀ ကျော် ရှိလာဟု AA ပြော
DVB
·
August 12, 2025
ရခိုင်တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၉၀၀ ကျော် ရှိလာဟု AA ပြော
Donate to DVB

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၅ ဩဂုတ်လအထိ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၉၂၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁,၉၅၄ ယောက်အထိ ရှိတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်တိုက်ပွဲ ၁ နှစ်နဲ့ ၁၀ လအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှု စတဲ့လုပ်ရပ်တွေကြောင့် အရပ်သား ၂,၈၀၀ ကျော် ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “စစ်ကောင်စီအနေနဲ့ အာရက္ခတပ်တော်ကို စစ်ရေးအရ ခေါင်းမဖော်နိုင်အောင် အပြတ်အသတ် ရှုံးနိမ့်နေတာကြောင့် ‘ငါးမရ တွင်းဖျက်’ ဆိုသလိုမျိုး သူတို့ မနိုင်မနင်း ထိန်းသိမ်းနေရတဲ့ မြို့နယ် ၃ ခုက အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက် အနိုင်ကျင့် သတ်ဖြတ်နေတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ် ၁၀,၅၀၂ လုံး၊ ဘာသာရေးအဆောက်အအုံ အလုံး ၉၀၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၂ ခု၊ တံတား ၂၂ စင်း၊ UN၊ INGO၊ NGO တွေရဲ့ အဆောက်အအုံ ၃ ခုအပြင် တခြားအဆောက်အအုံ စုစုပေါင်း ၁,၁၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ AA ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီက ရခိုင်က AA ထိန်းချုပ်မြို့နယ်တွေနဲ့ သူတို့ထိန်းချုပ်မြို့နယ်တွေကို လက်ရှိအချိန်အထိ လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပြီး ပြည်သူတွေဟာ အချိန်တိုင်း အသက်အန္တရာယ်ရှိနေဆဲလို့ မြောက်ဦးမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“ရခိုင်မှာက တိုက်ပွဲဖြစ်ကတည်းက စစ်ကောင်စီက အရပ်ဘက် စစ်ဘက် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေတာကြောင့် နေ့တိုင်း၊ လတိုင်းမှာ အရပ်သားတွေ သေဆုံးနေကြရတယ်၊ အိုးအိမ်တွေ ဆုံးရှုံးနေကြရတယ်။ အခုလည်း စစ်ကောင်စီက သူတို့ဆုံးရှုံးထားတဲ့ မြို့နယ်တွေရော သူတို့ ထိန်းချုပ်ထားဆဲ မြို့နယ်တွေမှာပါ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲ ဖြစ်တာကြောင့် ရခိုင်ပြည်သူတွေရဲ့ အသက်ဟာ အချိန်တိုင်း အန္တရာယ်ရှိနေဆဲဖြစ်တယ်။”

လက်ရှိမှာ AA ထိန်းချုပ်မြို့နယ်တွေအတွင်း သဘာဝဘေးဒဏ်အပြင် စစ်ကောင်စီကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ၊ ဆေးရုံဆေးခန်း၊ လမ်းတံတားတွေကို အာရက္ခပြည်သူ့အစိုးရက ပြုပြင်တည်ဆောက်ပေးနေတယ်လို့ AA က ပြောပါတယ်။

ရခိုင်တိုက်ပွဲကာလ ၁ နှစ်နဲ့ ၁၀ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး စစ်ကောင်စီက မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်တော့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013