DVB Logo
Home
မြန်မာသတင်း
ခေတ်အဆက်ဆက် ရွေးကောက်ပွဲများက ရခိုင်လူထုကို အကျိုးမပြု၊ ရွေးကောက်ပွဲလုပ်ခွင့်မပြုဟု  AA ပြော
DVB
·
August 11, 2025
ခေတ်အဆက်ဆက် ရွေးကောက်ပွဲများက ရခိုင်လူထုကို အကျိုးမပြု၊ ရွေးကောက်ပွဲလုပ်ခွင့်မပြုဟု  AA ပြော
Donate to DVB

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းဟာ ရခိုင်လူထုကို အကျိုးမပြုခဲ့တာကြောင့် အခုတကြိမ် အာဏာသိမ်းစစ်တပ်က ကျင်းပဦးမယ့် ရွေးကောက်ပွဲကိုလည်း ရခိုင်လူထုက စိတ်မဝင်စားဘူးလို့ အာရက္ခတပ်တော် (AA)  ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။

ဩဂုတ် ၁၁ ရက်  အာရက္ခတပ်တော် (AA) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ   အာဏာသိမ်းစစ်တပ်က အခုနှစ်ကုန်ပိုင်း ကျင်းပဖို့ စီစဉ်နေတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့  မေးမြန်းချက်ကို ဦးခိုင်သုခက ပြန်လည်ဖြေကြားခဲ့တာပါ။

ဒါ့အပြင် စစ်တပ် ထိန်းချုပ်ထားတဲ့ နေရာတိုင်းမှာ ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပေမဲ့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ ရွေးကောက်ပွဲလုပ်ခွင့်ပေးသွားမှာ မဟုတ်ဘူးလို့  ဦးခိုင်သုခက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ သူတို့ ထိန်းချုပ်နိုင်ထားနိုင်တဲ့ မြို့နယ် ၃ ခုတည်းနဲ့ ရခိုင်ပြည်နယ် တခုလုံးကို ကိုယ်စားပြုမယ့် မဲဆန္ဒနယ်မြေကို အခုချိန်ထိသတ်မှတ်နိုင်ခြင်းမရှိသေးပါဘူး။

ဦးခိုင်သုခက “ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက် လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစုံတရာ အကျိုးပြုခဲ့တာ မရှိပါ။ ဒါကြောင့် ရခိုင်တွေအနေနဲ့ တယောက်မှ စိတ်မဝင်စားဘူးဆိုတာ သေချာပါတယ်။ ရွေးကောက်ပွဲ ဆိုတာက ကျနော်တို့ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်စေဘဲ ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုလို့ ဖြစ်စေမှာပါ” လို့ ပြောပါတယ်။

ရွေးကောက်ပွဲကို ရခိုင်တွေတယောက်မှ စိတ်မဝင်စားဘူးလို့ ဦးခိုင်သုခက ပြောနေပေမဲ့ မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ရခိုင်တိုင်းရင်းသားပါတီတွေ ဝင်ပြိုင်တာ ရှိသလို ရခိုင်ပြည်သူတွေလည်း မဲဆန္ဒပေးခဲ့တာရှိပါတယ်။ 

အခု အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ရခိုင်တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီနဲ့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ထား ကြပါတယ်။ 

အခုလာမယ့် ရွေးကောက်ပွဲမှာ  အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ် တခုလုံးနီးပါး သိမ်းပိုက်ထားတဲ့ အတွက် AA ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိပေမဲ့  ပြည်နယ်လွှတ်တော်ရှိရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကိုတော့ သိမ်းယူနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေကြောင့် နယ်မြေအေးချမ်းမှုမရှိတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မကျင်းနိုင်ခဲ့ပါဘူး။  

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013