DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနှင့် ထိုင်း အပစ်ရပ် သဘောတူလက်မှတ်ထိုး၊ ကုလအကြီးအကဲ ကျေနပ်အားရ
DVB
·
August 8, 2025
ကမ္ဘောဒီးယားနှင့် ထိုင်း အပစ်ရပ် သဘောတူလက်မှတ်ထိုး၊ ကုလအကြီးအကဲ ကျေနပ်အားရ
Donate to DVB

ကမ္ဘောဒီးယားနဲ့ ထိုင်း ခေါင်းဆောင်တွေဟာ ၂ နိုင်ငံ နယ်နိမိတ်တလျှောက်မှာ တိုက်ပွဲတွေရပ်တန့်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာကိုတွေ့ရတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကအားရကျေနပ်တဲ့အကြောင်း သူ့ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟက်ခ်က ဩဂုတ် ၇ ရက်က နယူးယောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နှစ်နိုင်ငံကြားရှိ ကျန်ရှိနေသေးတဲ့ အရေးကြီးပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့အတွက်လည်း တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နိုင်မယ်လို့ ကုလအတွင်းရေးမှူးချုပ်က မျှော်လင့်နေတယ်လို့ လည်းပြောတယ်။

ဩဂုတ် ၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အထွေထွေနယ်စပ်ရေးရာကော်မတီ (GBC) ရဲ့ အထူးအစည်းအဝေးမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို သဘောတူညီ လက်မှတ်ရေးထိုးပြီးနောက်မှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟက်ခ်က မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ်  အခုလို ပြောကြားခဲ့တာပါ။

အဲဒီအစည်းအဝေးကို ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး တရုတ်၊ မလေးရှားနဲ့ အမေရိကန်တို့မှ ကိုယ်စားလှယ်တွေက ပြင်ပလေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

မလေးရှား ကာကွယ်ရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်အရ နှစ်ဖက်စလုံးက လက်နက်အမျိုးအစားအားလုံး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး အပြင် ၂ နိုင်ငံရဲ့ တပ်ဖွဲ့တွေဟာ ဟိုဘက်ဒီဘက် တပ်စခန်းတွေနဲ့ တပ်ဖွဲ့တွေကို ရန်စပစ်ခတ်မှုတွေကို ရှောင်ရှားဖို့နဲ့ နယ်စပ်တလျှောက် တပ်ဖွဲ့ဝင်တွေကို အင်အားတိုးမြှင့်ခြင်း မပြုဖို့တွေကို သဘောတူခဲ့ကြပါတယ်။

အပစ်အခတ်ရပ်စဲရေး လိုက်နာမှုကို စောင့်ကြည့်ဖို့ မလေးရှား ဦးဆောင်တဲ့ အာဆီယံ လေ့လာသူအဖွဲ့ကိုလည်း ၂ ဖက်စလုံးက ထောက်ခံကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ကြားကာလမှာ အာဆီယံနိုင်ငံများမှ ကာကွယ်ရေးသံမှူးတွေ ပါဝင်တဲ့ ယာယီစောင့်ကြည့်ရေး မစ်ရှင်ကို ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ တပ်စွဲထားမှာဖြစ်ပါတယ်။

မလေးရှားပြည်ထဲရေးဝန်ကြီး ဆိုင်ဖှူဒင် ကလည်း အာဆီယံမူဘောင်အတွင်းမှာ လိုက်နာရမယ့် စည်းမျဉ်းတွေကို နှစ်နိုင်ငံလုံးက လိုက်နာတယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်းစစ်တပ်တို့အကြား ဇူလိုင် ၂၄ ရက်က နယ်စပ်တလျှောက် လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းမှာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီး  ညသန်းခေါင်ယံ အချိန်မှာ အပစ်အခတ်ရပ်စဲရေး  စတင် အသက်ဝင်ခဲ့ချိန်မှာ နှစ်ဖက်တပ်တွေကို လှုပ်ရှားမှု တစုံတရာ မလုပ်ဆောင်စေဘဲ လက်ရှိအတိုင်း ဖြန့်ကျက်ထားဖို့ နှစ်ဖက်သဘောတူခဲ့ပါတယ်။

ဖမ်းမိထားတဲ့ စစ်သားတွေကိုလည်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ မှန်ကန်တဲ့ဆက်ဆံမှု ရှိစေရေးကိုလည်း ကတိပြုခဲ့ကြပါတယ်။

တရုတ်နဲ့ ဒေသတွင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားတို့က သံတမန်ရေးအရ ကြားဝင်စွက်ဖက်ခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တာကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးမရရင် စည်းကြပ်ခွန်ညှိနှိုင်းမှုတွေ ဆက်လုပ်ဆောင်မှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားတဲ့အခါမှ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှ ခေါင်းဆောင်တွေ ရောက်ရှိလာကြတယ်လို့ ရိုက်တာက သီးသန့် ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013