DVB Logo
Home
မြန်မာသတင်း
ဂျပန်က မြန်မာလုပ်သား တိုးခေါ်သော်လည်း အေဂျင်စီတခုလျှင် တလ ၁၅ ဦးသာ ခွင့်ပြု
DVB
·
August 7, 2025
ဂျပန်က မြန်မာလုပ်သား တိုးခေါ်သော်လည်း အေဂျင်စီတခုလျှင် တလ ၁၅ ဦးသာ ခွင့်ပြု
Donate to DVB

ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်တွေက မြန်မာလုပ်သားခေါ်တဲ့ အရေအတွက် တိုးလာပေမဲ့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတခုကို တလမှာ အလုပ်သမား ၁၅ ယောက်ပဲ စေလွှတ်ဖို့ ဆက်ပြီး ကန့်သတ်ထားဆဲဖြစ်တယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။

ဂျပန်နိုင်ငံမှ ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာနိုင်ငံမှ အမျိုးသား ၃၀၀ ကျော်နဲ့ အမျိုးသမီး ၁,၀၀၀ ကျော်ကို ခေါ်ဖို့ အလုပ်ကမ်းလှမ်းထားတာရှိပြီး စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ လုပ်သားစေလွှတ်ခွင့် အကန့်အသတ်ကြောင့် အခက်အခဲဖြစ်စေတယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။

ဂျပန်နိုင်ငံကို အလုပ်သမား စေလွှတ်ပေးနေတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ဂျပန်ဘက်ကတော့ တသုတ်သုတ်ကို အနည်းဆုံး အလုပ်သမား ၁,၀၀၀ လောက် ကမ်းလှမ်းနေတာ။ အခုနောက်ဆုံးတခေါက်က အရင်ထက် ပိုများတယ်။ တဖက် အလုပ်သမား တိုးခေါ်လည်း ဒီဘက်က အကန့်အသတ်တွေရှိနေတော့ လိုသလောက် မပို့နိုင်တာမျိုး အခက်အခဲတွေ ရှိတယ်။ သူတို့ လုပ်ငန်းလိုအပ်ချိန် မပို့နိုင်ရင် စိတ်ပျက်သွားမှာလည်း စိုးရတယ်” လို့ ပြောပါတယ်။

ဂျပန်နိုင်ငံကို အလုပ်သမားပို့ပေးနေတဲ့ အေဂျင်စီ ၂၀၀ နီးပါးရှိပြီး စစ်ကောင်စီက အေဂျင်စီတခုကို တလမှာ အလုပ်သမား ၁၅ ယောက်ပဲ အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထားတာကြောင့် တလကို တဖက်က အလုပ်ကမ်းလှမ်းတဲ့ဦးရေရဲ့ လေးပုံတပုံလောက်ပဲ စေလွှတ်ပေးနိုင်မယ့် အနေအထားမှာ ရှိနေတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “အခုက အသစ်ကမ်းလှမ်းတဲ့ အရေအတွက်။ ဒီမတိုင်ခင်ကတည်းက အလုပ်ခေါ်စာကျထားပြီး ခွင့်ပြုချက်မရသေးလို့ စောင့်နေရတဲ့ အလုပ်သမားတွေက တပုံကြီး။ ခေါ်မယ့်သူက ခေါ်တာတောင် ဒီဘက်က ကန့်သတ်ထားတော့ ကိုယ့်နိုင်ငံသားတွေပဲ နစ်နာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မတ်လကစပြီး ပြည်ပလုပ်သားစေလွှတ်ခွင့် ဦးရေကို ကန့်သတ်ထားတာဖြစ်ပြီး အဲဒီလို ကန့်သတ်လိုက်တာကြောင့် ကျသင့်ငွေကို အကြွေးနဲ့ ပေးသွင်းထားပြီး ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ အလုပ်သမားတွေ နှောင့်နှေးကြန့်ကြာနေရလို့ ငွေအတိုးထိုင်ဆပ်နေရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013