DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင်ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ အပြုသဘောဆောင်ဟု သုံးသပ်
DVB
·
August 7, 2025
မလေးရှားတွင်ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ အပြုသဘောဆောင်ဟု သုံးသပ်
Donate to DVB

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲက အပြုသဘောဆောင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက ဦးဆောင်ပြီး မြန်မာ့တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကွာလာလမ်ပူမြို့မှာ သြဂုတ် ၄ ရက်ကနေ  ၇ ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေ၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ အပါအဝင် ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးနေကြပါတယ်။ 

ဒီဆွေးနွေးပွဲကို ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို ဖိတ်ကြားပေမဲ့ ပြည်ပသွားလာရေး အခက်အခဲကြောင့် မတက်ရောက်နိုင်ကြောင်း သဘောထားထုတ်ပြန်ချက် တစောင်ကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ထံ ပေးပို့ထားပါတယ်။

ထုတ်ပြန်ချက်မှာတော့ NLD အနေနဲ့ အာဆီယံရဲ့ ဘုံရပ်တည်ချက် ၅ ရပ်ကို လက်ခံသလို အာဆီယံအနေနဲ့လည်း စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြု ပူးပေါင်း ဆောင်ရွက်တာ မလုပ်ဖို့လိုတဲ့အကြောင်း၊ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲဟာ လူထုဆန္ဒကို ထင်ဟပ်မယ့် ရွေးကောက်ပွဲ မဟုတ်တဲ့အကြောင်းနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ NLD ပါတီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ချန်ထားလို့မရတဲ့အကြောင်း  ဖော်ပြထားပါတယ်။

အာဆီယံအနေနဲ့ တော်လှန်ရေးအင်အားစု စုံစုံလင်လင် ပါဝင်တာကြောင့် ဒီဆွေးနွေးပွဲကနေ အပြုသဘောဆောင်တဲ့ ရလဒ်တခုရဖို့ မျှော်လင့်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက DVB ကို ပြောပါတယ်။

"လက်ရှိအစည်းအဝေးကနေ တော်လှန်ရေးအင်အားစုတွေရဲ့ အယူအဆတွေ၊ လက်တွေ့ကြုံတွေ့ နေရတဲ့အခြေအနေတွေ၊ အမှန်အတိုင်း အာဆီယံ သိခွင့်ရသွားမယ်။ စစ်တပ်ရဲ့ ပြည်သူအပေါ် ရက်စက်မှုတွေ၊ ချိုးဖောက်မှုတွေ အမှန်အတိုင်း ကြားသိရမယ်။ ဖြေရှင်းလို့ရနိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေ ရှာတွေ့မယ်လို့ ယူဆပါတယ်။"

ဒီဆွေးနွေးပွဲကို NUG၊ NUCC၊ CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KNU၊ KNPP နဲ့ CNF အပါအဝင် တော်လှန်ရေးအင်အားစုတွေ အများအပြား ပါဝင်တက်ရောက် ဆွေးနွေးနေကြတာပါ။

ဆွေးနွေးပွဲရလဒ်က ထွက်မလာသေးတာကြောင့် ဘာတွေဆက်ဖြစ်နိုင်မလဲဆိုတာ ပြောလို့မရသေးပေမဲ့ အာဆီယံက အခုလိုမျိုး တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံတာဖြစ်တဲ့အတွက် အဆင့်တခုတက်သွားတဲ့ အခြေအနေလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက လည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း တက်ရောက်နေတယ်လို့ သိရပြီး ဆွေးနွေးပွဲအခြေအနေနဲ့ ပတ်သက်လို့ NUG ဘက်ကို ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013