
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှာ စစ်ကျန်ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်တယောက် သေဆုံးခဲ့သလို နောက်ထပ် ကလေးငယ် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှာ ဩဂုတ် ၃ ရက်က ကလေးငယ် ၅ ယောက်ဟာ စစ်ကျန်ဗုံးသီးတလုံးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တယောက်က နေရာမှာတင် သေဆုံးခဲ့သလို နောက်ထပ် ၄ ယောက်လည်း အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျေးရွာသားတယောက်က ပြောပါတယ်။
“ကလေးတွေက အဲဒီဗုံးသီးကို ဘယ်ကကောက်ရလာတယ် ဆိုတာလည်း မသိကြဘူး။ ပေါက်ကွဲမှုဖြစ်မှ လူကြီးတွေက သိကြတာ။ ကလေးတဦးက အခင်းဖြစ်တဲ့ နေရာမှာတင် ဆုံးသွားတာ။ နောက်ထပ် ၄ ဦးလည်း ဒဏ်ရာ အပြင်းအထန် ရသွားကြပြီးတော့ တဦးက ခြေနှစ်ဖက်လုံး ဖြတ်လိုက်ရပြီး နောက်တဦးကလည်း ကျောက်ကပ် ထိသွားတာကြောင့် ခွဲစိတ်မှု လုပ်လိုက်ရတယ်။ နောက်ထပ်နှစ်ဦးကတော့ ဗုံးစတွေထိမှန်ပြီး ဒဏ်ရာရသွားတာ။”
စစ်ကျန်ဗုံးသီးထိမှန်ပြီး သေဆုံးသွားသူဟာ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာက အသက် ၄ နှစ်အရွယ် ကလေးငယ်တယောက်ဖြစ်ပြီး သူ့အမေနဲ့အတူ အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဗုံးစထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသူတွေမှာ ဝေသာလီကျေးရွာက မောင်ဖြိုးငြိမ်းနိုင် (၄ နှစ်)၊ မောင်ကောင်းမြတ်ထက် (၁၁ နှစ်)၊ မောင်မျိုးဝင်းဦး (၁၁ နှစ်) နဲ့ မောင်ခိုင်ငြိမ်းဇော်တို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ ကျေးရွာတွေနဲ့ စစ်ပွဲဖြစ်ပွားခဲ့ကြတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ အများအပြား ကျန်ရှိနေသေးတာကြောင့် မိုင်းနဲ့ စစ်ကျန်လက်နက် အသိပညာပေးမှုတွေ အများကြီး ပြုလုပ်ပေးဖို့ လိုအပ်နေတယ်လို့ မြောက်ဦးမြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“ရခိုင်မှာက မြို့နယ်တိုင်းမှာ စစ်ကျန်လက်နက်တွေ၊ မြေမြှုပ်မိုင်းတွေက အတော်လေးကို ရှိသေးတယ်။ AA ကလည်း ရှင်းလင်းမှုတွေ လုပ်နေပေမဲ့ အကုန်လုံးက ရှင်းလို့မရနိုင်သေးဘူး။ ဒီလိုအချိန်မှာ စစ်ကျန်လက်နက်တွေကို ဆော့ကစားလို့ပဲဖြစ်ဖြစ်၊ အိမ်ယူလာလို့ပဲဖြစ်ဖြစ် လူတွေရဲ့ အသက်တွေဟာ မသေသင့်ဘဲ သေနေကြရတာတွေ အများကြီး။ အဓိကတော့ မိုင်းနဲ့ စစ်ကျန်လက်နက် အသိပညာပေးမှုတွေ အများကြီး ပြုလုပ်ပေးဖို့ လိုနေသေးတယ်။”
မတ် ၁၈ ရက်ကလည်း ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာမှာ စစ်ကျန်ဗုံးသီး ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး လူငယ်တယောက် သေဆုံးခဲ့ပြီးတော့ နောက်ထပ် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိလာပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။










