
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ရဲ့ အရှေ့တောင်ဘက်က တက်လိုဘန်မြို့မှာရှိတဲ့ ကျောင်းတကျောင်းမှာ ဇွန် ၂၂ ရက်က အသက် ၁၅ နှစ်နဲ့ ၁၄ နှစ်အရွယ် ကျောင်းသား ၂ ယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ကျောင်းသား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်အပြီး သံသယရှိသူတယောက်ကို ချက်ချင်းဖမ်းဆီးခဲ့ပြီး နောက်တယောက်က နောက်ပိုင်းမှာ လက်နက်ချခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သံသယရှိသူတွေဟာ ၉ မီလီမီတာ ဂလော့ခ် ပစ္စတိုတလက်နဲ့ .၃၈ ကယ်လီဘာ ရီဗာတလက်တို့ကို သုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပေမဲ့ သေနတ်တွေကို ဘယ်လိုရခဲ့တယ်ဆိုတာ ရှင်းမပြခဲ့ပါဘူး။
ရာဇဝတ်မှု ဖြစ်တဲ့နေရာကနေ ကျည်ဆန်အခွံ ၄၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လူမှုမီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတခုမှာ ကျောင်းသားတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပြီး ပစ်ခတ်ခံရသူတယောက်ကို လူတွေက မော်တော်ယာဉ်တစီးပေါ် သယ်သွားတာကို ပြထားပါတယ်။
ဗီဒီယိုမှတ်တမ်းတင်ခဲ့တဲ့ ရက်စွဲကို ဖိလစ်ပိုင်သမ္မတ မားကို့စ်ရဲ့ တရားဝင်ကြေညာချက်အရ ဇွန် ၂၂ ရက်မှာ ဖြစ်ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဖြစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။
ကျောင်းတွင်းပစ်ခတ်မှုတွေက ဖိလစ်ပိုင်မှာ ရှားတယ်လို့ ယူဆရပြီး နောက်ခံစစ်ဆေးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကဲဖြတ် လိုအပ်ချက်တွေ အပါအဝင် သေနတ်ပိုင်ဆိုင်မှု စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပေမဲ့ တရားမဝင်သေနတ်တွေကတော့ ဆက်ရှိနေဆဲပါ။
ဖိလစ်ပိုင်မှာ ကျောင်းတွေ လချီပိတ်ထားခဲ့ရာက ပြန်ဖွင့်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ပစ်ခတ်မှုဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters










