
ရုရှားတပ်ဖွဲ့ဟာ ဗျန့်စ်ခ်၊ ကာ့က်စ်ခ်နဲ့ အောလယ်ဧရိယာတွေမှာ တနင်္ဂနွေနေ့ ညနေကနေ တနင်္လာနေ့ မနက်အထိ ယူကရိန်းဒရုန်း ၇၀ ကျော်ကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တနင်္ဂနွေနေ့မှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်း စစ်ဘက်လေဆိပ်အဆောက်အအုံတွေ၊ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် တည်နေရာတွေနဲ့ တာဝေးပစ် မောင်းသူမဲ့ လေယာဉ်သိုလှောင်ရုံနဲ့ ဧရိယာ ၁၃၉ ခုကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ မြောက်ပိုင်း စလိုဘိုရန့်စ်ခ်နဲ့ ကာ့စ်ခ်မြို့တွေဆီ ဦးတည်တဲ့ လမ်းကြောင်းတွေမှာ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းနိုင်ခဲ့တယ်လို့ ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း လေကြောင်းနဲ့ ဒုံးကျည်တပ်ဖွဲ့တွေက ရုရှားအမှုထမ်းတွေ၊ လက်နက်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ စုစည်းရာနေရာ ၈ ခုကို ထိမှန်အောင် ပစ်ခတ်ခဲ့ပြီး ရုရှား သံချပ်ကာယာဉ်တွေကို ဖျက်ဆီးခဲ့တယ်၊ ရုရှား ဒရုန်းတွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ယူကရိန်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Source: Reuters











