
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်မှာ ပါတီရုံးချုပ်ဖွင့်လှစ်ထားတဲ့ ရခိုင်တိုင်းရင်းသားများပါတီ(RNP) ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီ ပါတီမှတ်ပုံတင်ခွင့် ပြုလိုက်တာလို့ ကော်မရှင်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ပါတီတည်ထောင်သူဖြစ်တဲ့ ဦးဘရှိန်ကို ဆက်သွယ်နေဆဲဖြစ်ပြီး အကြောင်းပြန်ခြင်းမရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က မြို့နယ် ၁၄ ခုအထိသိမ်းပိုက်ထားပြီး စစ်တပ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ မြို့နယ်ကိုသာ ထိန်းချုပ်ထားနိုင်တော့ကာ အဲဒီမြို့နယ် ၃ ခုမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ စစ်တပ်က ရည်ရွယ်နေတာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲဝင်ကြမယ့် ရခိုင်ပြည်အခြေစိုက် နိုင်ငံရေးပါတီတွေဟာ စစ်ဖိနပ်အောက်က လုပ်ပိုင်ခွင့်နဲ့ အာဏာအနည်းငယ်ကိုကြည့်ပြီး ရခိုင်လူထနဲ့ အမျိုးသားတော်လှန်ရေးကို သစ္စာဖောက်တဲ့ လုပ်ရပ်ကို လုပ်နေကြတာလို့ ရခိုင်နိုင်ငံရေးအကဲခတ် တယောက်က သုံးသပ်ပါတယ်။
“အခု ရခိုင်တိုင်းရင်းသားများပါတီကို စစ်ကောင်စီက ပါတီမှတ်ပုံတင်ခွင့် ပြုလိုက်တယ်ဆိုတာက ပါတီကို ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ခွင့်ပြုလိုက်တာဖြစ်တယ်။ ရခိုင်တပြည်လုံး စစ်ကောင်စီ လက်အောက်ကလွတ်မြောက်ဖို့ တပြည်လုံးက အားယူနေချိန်မှာ စစ်ကောင်စီပေးတဲ့ ရာထူးနဲ့ အာဏာကို မှိန်းမှိန်းကြီးယူပြီး ကိုယ်တဦးတယောက်တည်း ကောင်းစားဖို့ကြိုးပမ်းနေသူတွေဟာ ရခိုင်လူထုနဲ့ တော်လှန်ရေးကို သစ္စာဖောက်တဲ့လုပ်ရပ်ကို လုပ်နေကြတာလို့ ပြောချင်တယ်။”
၂၀၂၅ အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်ကိုယ်စားပြုအဖြစ် ဦးဘရှိန် ဦးဆောင်တဲ့ RNP ပါတီ၊ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ AFP ပါတီနဲ့ တခြား မျိုးနွယ်စုပါတီတွေအပါဝင် ပါတီ ၆ ခု ပါတီမှတ်တင်ခွင့် ကျထားပါတယ်။










