
ဘရာဇီးသမ္မတဟောင်း ဂျိုင်းရ် ဘိုလ်ဆိုနာရိုကို နေအိမ်အကျယ်ချုပ်ချထားဖို့ တရားရုံးချုပ်က အမိန့်ချလိုက်ပါတယ်။
အာဏာသိမ်းရန်ကြံစည်မှု စွပ်စွဲချက်နဲ့ သမ္မတဟောင်းကို စစ်ဆေးနေချိန်မှာ တားမြစ်မိန့်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် နေအိမ်အကျယ်ချုပ်ထားဖို့ တရားသူကြီး အလက်ဇန္ဒားဒီမိုရက်စ်က အမိန့်ချခဲ့တာပါ။
ဘိုလ်ဆိုနာရိုက သူ့သားရဲ့ ဖုန်းစပီကာကနေ လူထုစုဝေးပွဲမှာ စကားပြောခဲ့တဲ့ ဖြစ်ရပ်ဟာ တရားရုံးရဲ့ ကန့်သတ်ချက်တွေကို တမင်ချိုးဖောက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ တရားသူကြီးက ကောက်ချက်ချပါတယ်။
ဘိုလ်ဆိုနာရိုဟာ သူ့သားနဲ့ သူ့လူတွေရဲ့ လူမှုကွန်ရက်တွေ သုံးပြီး တရားရုံးချုပ်ကို တိုက်ခိုက်အောင်၊ ဘရာဇီး တရားစီရင်ရေးမှာ ပြည်ပစွက်ဖက်မှုရှိအောင် လှုံ့ဆော်တာတွေ လုပ်ခဲ့တယ်လို့ သုံးသပ်ပါတယ်။
နေအိမ်အကျယ်ချုပ်မှာ ဘိုလ်ဆိုနာရိုကို သူ့ရှေ့နေတွေနဲ့ တရားရုံးချုပ်က ခွင့်ပြုပေးသူတွေနဲ့သာ တွေ့ခွင့်ပြုထားပြီး မိုဘိုင်းဖုန်းကို တိုက်ရိုက်ဖြစ်စေ၊ ကြားလူတဆင့်ခံဖြစ်စေ သုံးစွဲမှုကိုပါ ပိတ်ပင်ထားပါတယ်။
ဘိုလ်ဆိုနာရိုရဲ့ ရှေ့နေအဖွဲ့ကတော့ စည်းကမ်းချိုးဖောက်မှုမရှိကြောင်း ငြင်းဆိုပြီး ဒီဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဘိုလ်ဆိုနာရိုရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီတရားစွဲဆိုမှုကို နိုင်ငံရေးအရ တိုက်ခိုက်မှုအဖြစ် ဝေဖန်ထားခဲ့သလို ဘရာဇီးပို့ကုန်အချို့အပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့ ကြေညာထားပါတယ်။
တရားသူကြီး မိုရက်စ်ကိုလည်း အမေရိကန်က အရေးယူပိတ်ဆို့ထားပါတယ်။
Source: Reuters











