
ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ဆီစကစ်ခရိုင်၊ ကန်ထလာရတ်မြို့ထဲမှာ ရှေ့တန်းရောက်စစ်သည်တွေအတွက် ရိက္ခာနဲ့ ပစ္စည်းတချို့ လာဝယ်တဲ့ ရဲဘော်တယောက်ထံကနေ ဘတ် ၅၀,၀၀၀ ဖိုးလောက်ကို ငွေမယူဘဲ အလကားပေးလိုက်တဲ့ စတိုးဆိုင်ကို ထိုင်းလူမှုကွန်ရက်မှာ ဝိုင်းဝန်းချီးမွမ်းနေကြပါတယ်။
ဖိကျာဖားကျိမ်း ဆိုတဲ့ ထိုင်းရဲဘော်တယောက်ဟာ ဩဂုတ် ၃ ရက် မနက် ၉ နာရီလောက်က မြို့ထဲရှိ ထဝီးကစ်အိတ်စ်တာ့ဆိုတဲ့ ကုန်စုံဆိုင်ထဲဝင်ရောက်လာပြီး ရှေ့တန်းရောက်စစ်သည်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတချို့ သွားရောက်ဝယ် ယူခဲ့ပါတယ်။
ပစ္စည်းစုံလို့ ငွေရှင်းဖို့ပြင်စဉ် ဆိုင်ရှင်က စစ်သည်တွေအတွက်ဖြစ်လို့ ငွေမယူကြောင်းပြောတာမှာ အံ့အားသင့်စွာ ဝမ်းသာနေပြီး ကျသင့်ငွေ ပြေစာကြည့်လိုက်ရာမှာတော့ ဘတ် ၅၀,၀၀၀ နီးပါး (၄၆, ၃၇၅ ဘတ်) ကျသင့်တာကြောင့် ပိုမိုအံ့ဩဝမ်းသာသွားပါတယ်။
အဆိုပါရဲဘော်ဟာလည်း ဝမ်းသာအားရနဲ့ အထက်အရာရှိကို ဖုန်းဆက်သတင်းပို့လိုက်ပြီး ကုန်စုံဆိုင်ပိုင်ရှင်နဲ့ အလုပ်သမားတွေကိုလည်း လွန်စွာကျေးဇူးတင်ရှိကြောင်း ပြောခဲ့ပါတယ်။
သူဟာ အဲဒီဗွီဒီယိုကို လူမှုကွန်ရက်ပေါ် ဖြန့်ဝေလိုက်တာမှာ နေ့တွင်းညတွင်းချင်း နှစ်သက်သူ သိန်းနဲ့ချီရှိပြီး ကွန်မန့်မှာ ချီးမွမ်းထောမနာပြုနေကြပါတယ်။ ကန်ထလာရတ် ရောက်ရင် အဲဒီဆိုင်ကို သွားအားပေးမယ်၊ ထဝီးကစ်ဈေးဆိုင်ကြီး ရောင်းကောင်းပါစေ၊ ကြီးပွါးတိုးတက်ပါစေ စသဖြင့် ချီးမွမ်း ကောင်းချီးပေးနေကြတာပါ။
ဆီစက်ခရိုင်ဟာ ကမ္ဘောဒီးယားနယ်စပ်နဲ့ အလွန်နီးကပ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၈ က ဖြစ်ပွါးတဲ့ တိုက်ပွဲမှာ တဘက်နိုင်ငံကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဒဏ်ကို အများဆုံးခံခဲ့ရတဲ့ နေရာတခု ဖြစ်ပါတယ်။
Source : Thairath News











