
ချီလီနိုင်ငံပိုင် သတ္တုတွင်း ကိုဒယ်လ်ကို ကုမ္ပဏီရဲ့ အယ်လ်တေနယန့်တေး မိုင်းတွင်း မတော်တဆ ပြိုကျမှုအတွင်း သေဆုံးသွားရတဲ့ မိုင်းတွင်းလုပ်သားတွေအတွက် တရားမျှတမှု ရရှိစေရမယ်လို့ ချီလီသမ္မတ ဂယ်ဘရီယလ် ဘောရစ်က သြဂုတ် ၃ ရက်မှာ ကတိပြု ပြောကြားလိုက်ပြီး ၃ ရက်ကြာ ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ပါတယ်။
ချီလီနိုင်ငံ၊ ရန်ကာဂွါမြို့မှာ အယ်လ်တေနယန့်တေး သတ္တုတွင်း ပြိုကျမှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ခွဲခွာနှုတ်ဆက်ပွဲ ဈာပနအခမ်းအနားကို သြဂုတ် ၄ ရက်က ပြုလုပ်ခဲ့ပြီး ကျန်ရစ်သူ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မိုင်းတွင်းပြိုကျမှုအတွင်း မြေအောက်မှာ ပိတ်မိနေတဲ့ အယ်လ် တေနယန့်တေး ကြေးနီမိုင်းတွင်းရှိ အလုပ်သမား ၅ ယောက်စလုံး သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ကိုဒယ်လ်ကို မိုင်းတွင်းကုမ္ပဏီက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အယ်လ် တေနယန့်တေး ကြေးနီမိုင်းတွင်းမှာ မြေအောက်လုပ်ငန်းတွေကို ပြန်မစတင်ခင် ကိုဒယ်လ်ကို ကုမ္ပဏီဟာ ပြီးခဲ့တဲ့သီတင်းပတ်က မြေငလျင် လှုပ်ခတ်ပြီးနောက် စုစုပေါင်း လူ ၆ ယောက် သေဆုံးခဲ့ရတဲ့ ကြေးနီမိုင်းပြိုကျမှုအပေါ် အစီရင်ခံစာ ၄ ခုကို ထုတ်ပြန်ရမှာဖြစ်ကြောင်း ပြောထားတဲ့ စာရွက်စာတမ်းကို ရိုက်တာက သြဂုတ် ၄ ရက်မှာ တွေ့ရှိထားပါတယ်။
ချီလီအစိုးရရဲ့ အမျိုးသားဘူမိဗေဒနဲ့ သတ္တုတွင်းလုပ်ငန်းက တောင်းဆိုထားတဲ့ အစီရင်ခံစာတွေမှာ မိုင်းတွင်းပြိုကျမှု အကြောင်းရင်းဆန်းစစ်ချက်၊ ပြန်လည်ထူထောင်ရေးအစီအစဉ်နဲ့ မြေအောက်မိုင်းတွင်း ခိုင်မာမှု ဘေးကင်းလုံခြုံရေးစနစ်တွေရဲ့ အကဲဖြတ်ချက်တွေ ပါဝင်ရမှာ ဖြစ်ပါတယ်။
အစိုးရပိုင် သတ္တုတွင်းကုမ္ပဏီဟာ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေကို ခေါ်ယူမှာဖြစ်ပြီးတော့ “ငါတို့ဘာမှားခဲ့လဲ” ဆိုတာ ဆုံးဖြတ်သွားမယ်လို့ ကိုဒယ်လ်ကို ကုမ္ပဏီဥက္ကဋ္ဌ မက်ဆီမို ပါချေကိုက ပြောပါတယ်။
Source: Reuters










