
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လွတ်မြောက်နယ်မြေရှိ စေတီပုထိုးတွေမှာ ၅/ ဆားလင်းကြီးလူထုသပိတ်စစ်ကြောင်းအဖွဲ့ဝင်တွေက သြဂုတ် ၅ ရက်မှာ ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ဆုတောင်းပွဲကို ၅/ဆလက အဖွဲ့ဝင်တွေက ပြုလုပ်နေတာဖြစ်ပြီး ဒီဆုတောင်းပွဲကို တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
သပိတ်ကော်မတီဝင်ဖြစ်တဲ့ ကိုရာဇာက “နိုင်ငံရေးအကျဥ်းသူအကျဥ်းသားအားလုံးနဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့အတွက် ဆုတောင်းမေတ္တာ ပို့သခဲ့တာပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အကျဥ်းထောင်အသီးသီးမှာရှိတဲ့ အကျဥ်းသူ အကျဥ်းသားတွေက အရမ်းခက်ခဲနေပါတယ်။ အဲဒါကြောင့် ဆုတောင်းမေတ္တာ ပို့ပေးခဲ့တာပါ”လို့ ပြောပါတယ်။
စစ်တပ်ရဲ့ မတရားဖမ်းဆီး အကျဥ်းချခံထားရသူတွေမှာ စားနပ်ရိက္ခာ အလုံအလောက် မရရှိတာ၊ ဆေးဝါးအလုံအလောက်မရတာ၊ ဆေးကုသမှု မရရှိတာတွေ ရှိနေပြီး ကျန်းမာရေးထိခိုက်တာတွေ ရှိနေတာကြောင့် နိုင်ငံရေးအကျဥ်းသားတွေကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြဖို့လည်း တော်လှန်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။











