DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်း၌ ပျောက်ဆုံးနေသည့် မူလတန်းကျောင်းသူ ၃ ဦးကို ရဲတပ်ဖွဲ့ ရှာဖွေ
DVB
·
August 5, 2025
ထိုင်းမြောက်ပိုင်း၌ ပျောက်ဆုံးနေသည့် မူလတန်းကျောင်းသူ ၃ ဦးကို ရဲတပ်ဖွဲ့ ရှာဖွေ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်ထဲမှာ ပျောက်ဆုံးနေတဲ့ အသက် ၇ နှစ်ကနေ ၉ နှစ်ကြား မူလတန်းကျောင်းသူ မိန်းကလေးငယ် ၃ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေတဲ့အကြောင်း Bangkok Post သတင်းမှာ ဩဂုတ် ၄ ရက်က ဖော်ပြပါတယ်။

အဆိုပါ မိန်းကလေးငယ်တွေကတော့ မဲ့အိုင်းဒေသတွင်းက ရာဂျာပရာဂျာနူဂရို့ အမှတ် ၃၀ စာသင်ကျောင်းမှာ ကျောင်းအိပ်ကျောင်းစား ပညာသင်ကြားနေကြတဲ့ ၁ တန်းကနေ ၃ တန်းကြား အရွယ်တွေဖြစ်ကာ လတ်တလောမှာတော့ ရဲတပ်ဖွဲ့က သူတို့ ပျောက်ဆုံးနေတဲ့အကြောင်း အများပြည်သူသိအောင် ကြေညာခဲ့ပြီးနောက် သူတို့ ရှိနေနိုင်မယ့်နေရာကို ညွှန်ပြနိုင်မယ့် သတင်းအချက်အလက်တွေ ပေးဖို့ ထုတ်ပြန်ထားတာပါ။

သူတို့ဟာ တနင်္ဂနွေနေ့မနက် ၁ နာရီလောက်မှာ အိပ်ဆောင်ကနေ ထွက်သွားခဲ့ကြပြီး  လုံခြုံရေးကင်မရာ မှတ်တမ်းတွေထဲမှာတော့ မဲ့အိုင်းဘုရားကျောင်းနဲ့ သားငါးဈေးကို ဖြတ်ပြီးတော့ မြောက်ဘက်ကို ဦးတည်လမ်းလျှောက်သွားခဲ့တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့က သူတို့သွားရာ လမ်းကြောင်းအတိုင်း လိုက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အနီးအနား ကျေးရွာတွေက စီစီတီဗွီမှတ်တမ်းတွေကို ရှာဖွေနေသလို တာဝန်ရှိသူတွေကလည်း ရှာဖွေမှုကို ပံ့ပိုးနိုင်ဖို့ ဒရုန်းတွေကို အသုံးပြုခဲ့ကြတာပါ။

ထိုင်းနိုင်ငံ အခြေခံပညာကော်မရှင် အထွေထွေအတွင်းရေးမှူး ထာနု ဝမ်းဂျင်ဒါက မိန်းကလေးငယ်တွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြောကြားရာမှာ အလားတူ မိန်းကလေးငယ်တွေဟာ အရင်ကလည်း အိပ်ဆောင်တွေကနေ အကြိမ်များစွာ ထွက်ပြေးခဲ့ဖူးတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ သိရှိတဲ့ ဘယ်သူမဆို မဲ့အိုင်းရဲစခန်းဖုန်းနံပါတ် 053-459-033 ဆီ ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013