DVB Logo
Home
မြန်မာသတင်း
ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး NUG က ကန်‌ဒေါ်လာ ၄၀၀,၀၀၀ ကမ်ပိန်းပြုလုပ်
DVB
·
August 5, 2025
ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး NUG က ကန်‌ဒေါ်လာ ၄၀၀,၀၀၀ ကမ်ပိန်းပြုလုပ်
Donate to DVB

ကလေးသူငယ်တွေ ကာကွယ်ရေး အစီအမံတွေရှိတဲ့ ကျောင်းတွေမှာ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ကမ်ပိန်းပြုလုပ် ရန်ပုံငွေ ရှာဖွေနေပါတယ်။

“Safe Schools, Safe Education” အမည်ရတဲ့ ဒီကမ်ပိန်းကနေ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပြီး ဒေါ်လာ ၅၀၀ နဲ့အထက် ညီမျှတဲ့ မည်သည့် ငွေကြေးအမျိုးအစားနဲ့မဆို ပါဝင်လှူဒါန်းပေးတဲ့ အလှူရှင်တွေကို ပုံမှန်ဂုဏ်ပြုလွှာအပြင် အထူးအစီအစဉ်အဖြစ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ လက်မှတ်ပါဝင်တဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာတွေကို သီးသန့်ထပ်ဆင့် ချီးမြှင့်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒီကမ်ပိန်းကိုတော့ ဇူလိုင် ၁၅ ရက်က စတင်လုပ်ဆောင်နေတာဖြစ်ပြီး လာမယ့် ဩဂုတ် ၃၁ ရက်အထိ နိုင်ငံအသီးသီးက ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ကလေးသူငယ်တွေအတွက် ဘေးကင်းလုံခြုံတဲ့ စာသင်ကျောင်းတွေမှာ ပညာဆက်လက် သင်ကြားခွင့်ရရေး အထောက်အကူဖြစ်စေဖို့ သဲ ၅ ကျင်းကို အမေရိကန်ဒေါ်လာ ၅၀၊ ကျောက် ၅ ကျင်းကို ဒေါ်လာ ၃၀၀၊ ဘိလပ်မြေ ၁၅ အိတ်ကို ဒေါ်လာ ၂၀၀၊ သံချောင်း ၂၀၊ အုတ် ၁,၀၀၀ အတွက် ဒေါ်လာ ၅၀၀၊ ဆက်သွယ်ရေးစက် ၁ လုံးကို ဒေါ်လာ ၁၀၀၊ ဗုံးခိုကျင်း ၁၅ ယောက်ဆံ့အတွက် ဒေါ်လာ ၇၅၀၊ ဗုံးခိုကျင်း ၃၅ ယောက်ဆံ့အတွက် ဒေါ်လာ ၁,၅၀၀၊ ဗုံးခိုကျင်း ၄၅ ယောက်ဆံ့အတွက် ဒေါ်လာ ၂,၀၀၀၊ ဗုံးခိုကျင်း အယောက် ၁၀၀ ဆံ့အတွက် ဒေါ်လာ ၄,၅၀၀ စီ အသီးသီး သတ်မှတ်ထားပြီး ထောက်ပံ့ကူညီနိုင်မယ်လို့ ဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်အုပ်စုဟာ နိုင်ငံကို အေးချမ်းဟန်ဆောင်ကာ ကျောင်းတွေ ဖွင့်လှစ်ခဲ့ပေမဲ့ ဆရာ၊ ဆရာမ အများအပြားနဲ့ နိုင်ငံတဝန်း ကျောင်းသား၊ ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော်ဟာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ CDM လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ကာ စစ်အုပ်စုဖွင့်လှစ်တဲ့ ကျောင်းတွေမှာ စာသင်ကြားတာ၊ စာရင်းသွင်း တက်ရောက်တာတွေ မပြုလုပ်ခဲ့တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ NUG အစိုးရအနေနဲ့  CDM ကျောင်းသား၊ ကျောင်းသူတွေအတွက် စဉ်ဆက်မပြတ် ပညာရေးတွေ ဆက်လက်သင်ယူခွင့်ရဖို့ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေအပြင် ပညာရေးအသိုင်းအဝိုင်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း အသီးသီးရဲ့ စုပေါင်းညီညွတ်သောအားနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အခုအခါ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ သက်မွေးပညာရေးနဲ့ ဆရာအတတ်သင်ပညာရေး ကဏ္ဍအားလုံးမှာ Online သင်ကြားရေးသာမက မြေပြင်သင်ကြားရေး လုပ်ငန်းတွေပါ စတင်ဆောင်ရွက်နေနိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဘက်ကတော့ အာဏာသိမ်း ၄ နှစ်ကျော်ကာလတွေအတွင်း မြေပြင်ရော၊ လေကြောင်းကပါ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှုတွေထဲမှာ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ဘုရားကျောင်းတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေပါမကျန် ပစ်ခတ်ခံနေရတာ ဖြစ်ပါတယ်။

NUG အစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ၂၀၂၃ ခုနှစ်ကနေ အခုနှစ် ဇူလိုင် ၃၁ ရက်အထိ အာဏာသိမ်း စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃,၂၀၀ နီးပါးထိ ကျူးလွန်ခဲ့ကြပြီး ကလေးသူငယ်တွေ အပါအဝင် ပြည်သူ  ၃,၄၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013